ကုလသမဂ္ဂ၏ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲသစ်အဖြစ် ဖလဲမင်းအား ခန့်အပ်

ယူနိုက်တက်နေးရှင်း ၂ သြဂုတ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် အမေရိကန်နိုင်ငံသူ မယ်လီဆ ဖလဲမင်းအား နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကုလသမဂ္ဂ၏ လက်ထောက် အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ရေးဌာနက ယနေ့ ပြောကြားသည်။

မယ်လီဆဖလဲမင်းသည် ကုလသမဂ္ဂ၏ လက်ရှိ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲဖြစ်သူ ဗြိတိန်နိုင်ငံသူ အေလီဆန်ဆမေးလ်၏ ရာထူးတာဝန်ကို ဆက်ခံမည်ဖြစ်သည်။ အေလီဆန် ဆမေးလ်သည်ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ ၎င်း၏ ကတိကဝတ်ပြုမှုနှင့် ပေးဆပ်ခဲ့မှုအပေါ် ကျေနပ်အားရခဲ့ကြောင်း ကုလသမဂ္ဂသတင်းထုတ်ပြန်ရေးဌာနက ပြောကြားသည်။

ဖလဲမင်းသည် လူ့အခွင့်အရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ၊ စစ်ပွဲပဋိပက္ခ တားဆီးကာကွယ်ရေး၊ ငြိမ်းချမ်းရေးရရှိရေး၊ မီဒီယာလွတ်လပ်မှုရရှိရေးနှင့် နျူကလီးယား မပြန့်ပွားရေး၊ ဘေးကင်း လုံခြုံမှုရရှိရေးနှင့် လုံခြုံရေး အစရှိသည့် နယ်ပယ်များရှိ ၎င်း၏ လုပ်ငန်းသစ်အတွက် ဘက်ပေါင်းစုံ အဖွဲ့အစည်းများတွင် တွေ့ကြုံခဲ့ရသည့် ၎င်း၏ မဟာဗျူဟာ အမြော်အမြင်၊ ဆန်းသစ်သောစီမံခန့်ခွဲမှုနှင့် ဆက်ဆံရေး ကျွမ်းကျင်မှုများကို ယူဆောင်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးဌာနက ထပ်မံဖော်ပြထားသည်။

ဖလဲမင်းသည် ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြောရေးဆိုခွင့်ရှိသူနှင့် ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးအကြီးအကဲ၏ ရာထူးတာဝန်ကို ၂၀ဝ၉ ခုနှစ်ကတည်းက ထမ်းဆောင်လာခဲ့သည်။ ဖလဲမင်းသည် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)တွင် အလားတူ ရာထူးနေရာကို ရှစ်နှစ်ကြာ ထမ်းဆောင်ခဲ့ပြီးနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပူးပေါင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာဘာသာပြန် - ဂျေတ