ကုလသမဂ္ဂကျောထောက်နောက်ခံ အစိုးရတပ်ဖွဲ့ဝင် ၉၀ ကျော်သေဆုံး ဟု လစ်ဗျားအရှေ့အခြေစိုက် တပ်ဖွဲ့ပြောဆို

၂၃ စက်တင်ဘာ


ပြီးခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကုလကျောထောက်နောက်ခံ အစိုးရတပ်ဖွဲ့ဝင် အယောက် ၉၀ ကျော် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း လစ်ဗျားအရှေ့အခြေစိုက် တပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 


ယင်းဒဏ်ရာရ သေဆုံးသူ အများစုမှာ မစ်ရာတာမြို့မှ ဖြစ်ကြောင်း လစ်ဗျားအရှေ့အခြေစိုက် တပ်ဖွဲ့၏ သတင်းပြန်ကြားရေးရုံးက ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထိုတိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် ကုလသမဂ္ဂကျောထောက်နောက်ခံ အစိုးရတပ်ဖွဲ့များကို ဆန့်ကျင်သော လေကြောင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းနှင့် ထရီပိုလီ မြို့တော်၏အရှေ့ဘက် ၂၀ဝ ကီလိုမီတာ အကွာခန့်ရှိ မစ်ရာတာမြို့အနီး တပ်အစောင့်အရှောက်ပါသော ယာဉ်တန်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။


မြို့တော် ထရီပိုလီ ထိန်းချုပ်ထားမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ငါးလကျော်က လစ်ဗျားအရှေ့အခြေစိုက် တပ်ဖွဲ့နှင့် ကုလသမဂ္ဂကျောထောက်နောက်ခံ အစိုးရတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။


ထိုတိုက်ပွဲကြောင့် ထောင်ချီရှိသောလူများ သေကြေပျက်စီးခဲ့ပြီး အပြစ်မဲ့အရပ်သား ၁၂၀ ဝ၀ဝ နီးပါး အိုးအိမ်များစွန့်ပစ်ထွက်ပြေးခဲ့ရသည်။


အဆိုပါ တိုက်ပွဲကြောင့် အများပြည်သူ လျှပ်စစ်ကွန်ယက်စနစ်၊ ရေပေးဝေရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် ထိုမြို့ပေါ်ရှိ အများပြည်သူ ဝန်ဆောင်မှု အခြေခံလုပ်ငန်းများ အားလုံးနီးပါးလည်း ထိခိုက်ခဲ့ရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို