ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်နိုင်ငံများအား ရွေးချယ်တင်မြောက်

ကုလသမဂ္ဂ ဇွန် ၁၀

 

အီကွေဒေါ၊ ဂျပန်၊ မောလ်တာ၊ မိုဇမ်ဘစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံများအဖြစ် ဇွန် ၉ ရက်က ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။

 

အသစ်ရွေးချယ်ခံရသော အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ နှစ်နှစ်သက်တမ်း တာဝန်သစ်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

အသစ်ရွေးချယ်ခြင်းခံရသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်ငါးနိုင်ငံတို့သည် တာဝန်မှ အနားယူတော့မည့်လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကိုနှင့် နော်ဝေနိုင်ငံများ၏ နေရာများတွင် အစားထိုးမည်ဖြစ်သည်။

 

လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့်နိုင်ငံတစ်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံထောက်ခံမှု ရရှိရမည်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံက မဲခွဲ ဆုံးဖြတ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကုလ-အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃  ၏  ဆန္ဒမဲ အနည်းဆုံး ၁၂၉ မဲ ရရှိရန်လိုသည်။ 

 

ဇွန် ၉ ရက်က ဆန္ဒမဲပေးမှုတွင် မိုဇမ်ဘစ်ခ်နိုင်ငံက ဆန္ဒမဲ ၁၉၂ မဲ၊ အီကွေဒေါနိုင်ငံက ဆန္ဒမဲ ၁၉၀ မဲ၊ ဆွစ်ဇာလန် နိုင်ငံက ဆန္ဒမဲ ၁၈၇ မဲ၊ မော်လ်တာက ဆန္ဒမဲ ၁၈၅ မဲနှင့် ဂျပန်နိုင်ငံက ၁၈၄ မဲစသည်ဖြင့် အသီးသီးရရှိကြကြောင်း လက်ရှိကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဌ အဗ်ဒူလာရှာဟစ်က ကြေညာသည့် မဲရလဒ်များအရ သိရသည်။

 

လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး ယင်းတို့အနက် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စု စသည့်ငါးနိုင်ငံသည် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ကောင်စီ၏ အမြဲတမ်းမဟုတ်သောထိုင်ခုံ ၁၀ နေရာကို ပထဝီဝင်ဒေသအလိုက် ခွဲဝေပေးကာ နှစ်စဉ်ငါးနေရာဖြင့် အစားထိုးသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ