ကုန်ကြမ်းဖြစ်သည့် မြေနီရှားပါးမှုကြောင့် စစ်ကိုင်းအိုးလုပ်ငန်း ထက်ဝက်ခန့် ရပ်ဆိုင်း

စစ်ကိုင်း  ၃ ဇန်နဝါရီ

 

အိုးလုပ်သည့် ကုန်ကြမ်းမြေနီ ရှားပါးလာသောကြောင့် စစ်ကိုင်းမြို့ရှိ  အိုးလုပ်ငန်းများ ထက်ဝက်ခန့် ရပ်နားနေရကြောင်း စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်မှ အိုးလုပ်သူများထံမှ သိရသည်။ 

 

20190103

 

လက်ရှိ အိုးလုပ်ငန်းများတွင် အသုံးပြုသည့် မြေနီ ရှားပါးလာခြင်း၊ အိုးလုပ်သည့် ကုန်ကြမ်းများ ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ သယ်ယူခများ မြင့်တက်လာခြင်း၊ အလုပ်သမား ရှားပါးလာခြင်းတို့ကြောင့်  ယခုနှစ်တွင် အိုးလုပ်ငန်းလုပ်ကိုင်သူ တဝက်ခန့် ရပ်ဆိုင်းကာ အလုပ်အကိုင် အသစ်များ ရှာဖွေလုပ်ကိုင် လာကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဝင်းဝင်းမော် ကပြောပြသည်။

 

''အိုးလုပ်ငန်း လုပ်ကိုင်တဲ့သူ ဦးရေက တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာတယ်။ ပြီးခဲ့တဲ့နှစ်ကမှ အိုးလုပ်ငန်း လုပ်တဲ့သူ ၃၀ လောက်ရှိသေးတယ်။ ဒီနှစ်ကျ ၁၅ ဦးလောက်တောင် မရှိတော့ဘူး။ ထက်ဝက်ကို လျော့ကျသွားတယ် မလုပ်တော့ဘူး။ ဒီနှစ်ရပ်နားသူများတာက ကုန်ကြမ်းမြေနီ ဘယ်လိုမှကို ရှာမရဘူး။ ရှားလာတယ်။ မြေနက်ကတော့ ရတယ်။ ကောင်းမှုတော်ဘုရား အနောက်ဘက်မှာရှိတယ်။ ထော်လာဂျီ တစ်စီး ငွေကျပ် ၂၀၀၀၀ နဲ့လိုသလောက် ဝယ်လို့ရတယ်။ အများဆုံးအားဖြင့်က ကုန်ကြမ်းမြေနီရှားလို့ မလုပ်ကြတော့တာများတယ်" ဟု ၎င်းကပြောပြသည်။

 


အိုးလုပ်ငန်းတွင် အသုံးပြုသည့် မြေနီကို ယခင်က မင်းကွန်းဒေသသွားသည့်  ခိုတောင်ချောင်းပေါက် စသည့် ကျေးရွာများမှ ထော်လာဂျီ တစ်စီးလျှင် ငွေ ကျပ် (၂၈၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူရရှိသော်လည်း နောက်ပိုင်းတွင် ရောင်းချမည့်သူ မရှိတော့သည့်အတွက် ယခုအခါတွင် ရွာသစ်ကြီးကျေးရွာဘက်မှ မြေနီ ထော်လာဂျီ တစ်စီးလျှင် ငွေကျပ် ၃၅၀၀၀ ဖြင့် ဈေးမြင့်ဝယ်ယူနေရကြောင်း၊ ထိုသို့ ဈေးမြင့် ဝယ်ယူနေရသော်လည်း ကုန်ကြမ်းမြေနီမှ လိုသလောက် ဝယ်ယူ၍ မရကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မြင့်မြင့်ဆန်းက  ပြောပြသည်။

 

''မြေနီကို မှာတဲ့အခါ တစ်ယောက်တည်းက မှာရင်လာမပို့ပေးဘူး။ ဘာလို့လဲဆိုတော့ သူတို့ကလည်း ရွာသစ်ကြီးဘက်က လာပို့ရတာဆိုတော့ ဝေးတော့ တွက်ခြေမကိုက်တော့ လာမပို့ချင်ကြဘူး။ တခါမှာရင် သုံးဦးလောက်မှာမှ လာပို့ပေးတယ်။ သုံးဦးမှာဖို့ ဆိုတာလည်း လုပ်တဲ့သူက သိပ်မရှိတော့ ခက်တယ်။ အခု ကုန်ကြမ်းမြေနီရဖို့က အတော်လေးခက်တယ်။ အဝယ်နည်းရင် ကုန်ကြမ်းမြေနီ က ရောင်းတဲ့သူ မရှိတော့ဘူး။ မရှိတော့ရင် ဒီလုပ်ငန်းကြီးက ရေရှည်မှာ ပျောက်ကွယ်ဖို့ပဲ ရှိတော့တယ်" ဟု ၎င်း ကပြောပြသည်။

 

စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ အိုးလုပ်ငန်း လုပ်ကိုင်သူ အများစုမှ  အဓိက စီးပွားရေးအနေဖြင့် စစ်ကိုင်းသောက်ရေအိုး လုပ်ငန်းကိုသာ အဓိကထား၍ လုပ်ကိုင်ကြလျက်ရှိပြီး ယခင်က အိုးလုပ်ငန်းကို နှစ်ပတ်လည်လုပ်ကိုင်ကြသော်လည်း ယခုအခါတွင် မိုးလေကင်းစင်သော တန်ဆောင်မုန်းလမှ တန်ခူးလအထိသာ လုပ်ကိုင်ကြသည်။ စစ်ကိုင်းဒေသထွက် သောက်ရေအိုးသည် အခြားဒေသထွက် အိုးများထက် အေးမြသောဓါတ်ကို ပေးစွမ်းနိုင်သောကြောင့် မြန်မာပြည်အနှံ့အပြားတွင် စစ်ကိုင်းအိုး ဟု ကျော်ကြားလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဝယ်ယူသုံးစွဲ လျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်သည် ရှေးမြန်မာမင်း အဆက်ဆက် လက်ထပ်ကပင် အစဉ်အဆက် အိုးလုပ်ငန်းကိုဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည့် ရပ်ကွက်ဖြစ်သော ကြောင့်  "အိုးဘို" ရပ်ကွက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၈၆ -၁၉၈၇ ခုနှစ် အတွင်းထိ ရွာလုံးနီးပါး အိုးလုပ်ငန်းကို လုပ်ကိုင်ကြသော်လည်း ယခုအခါတွင် အိမ်ခြေ (၃၀၀) ကျော်ရှိသည့်အနက် အိမ်ခြေ (၂၀) ဝန်းကျင်သာ အိုးလုပ်ငန်းကို လုပ်ကိုင်နေကြပြီး ကျန်အိမ် ထောင်စုများမှာ ရက်ကန်းလုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပြောင်းရွေ့လုပ်ကိုင်လျက်ရှိကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ 


   
ကိုမင်း(အင်းတော်)