ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှလျှောက်ထားနိုင်ရန်နှင့် QR Code ပါဝင်သော ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို Tracking Mobile Appဖြင့် စစ်ဆေးခွင့်ပြု ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ လုပ်ငန်း ရှင်များ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှလျှောက်ထား ထုတ်ယူနိုင်ရန်နှင့် QR Coad ပါဝင်သည့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို Tracking MobileApp ဖြင့် စစ်ဆေး ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင်  ကျင်းပသော အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

ထို့ပြင် ညွှန်ကြားရေးမှူးချုပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှ လျှောက် ထားထုတ်ယူနိုင်မှုနှင့် ပို့ကုန်မျှောစနစ် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ QR Code ပါဝင်သည့် ပို့ကုန်တင်ပို့နိုင်ရန်နှင့် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ ဆောင်ရွက်နေသော Pilot Project နှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေတို့ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ အပြည့်အဝ ကျင့်သုံးဆောင်ရွက်မည့် အခြေအနေနှင့် ပို့ကုန်လိုင်စင်လျှောက်ထားမှု၊  ပို့ကုန်တင်ပို့နေသောကုန်သည်များ မြန်ဆန်အဆင်ပြေစွာ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည့် အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကုန်သွယ်မှု မူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလန်းဆန်းဦးက ယခင်ပုံမှန်နည်းလမ်း (Mannual) ဖြင့် ကုန်ပစ္စည်း သယ် ဆောင်ခွင့် (မျှော) ထုတ်ပေးခြင်း၊ Vehicle Monitoring System ဖြင့် QR Code ထုတ်ပေးခြင်း၊ စနစ်ကို စမ်းသပ်သုံးစွဲမည့်ကာလနှင့် အပြည့်အဝအတည်ပြု သုံးစွဲမည့်ကာလ၊ ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများ၊ စမ်းသပ်သုံးစွဲမည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စစ်ဆေးမည့်နေရာများ၊ Tracking Mobile Application ဖြင့် ပို့ကုန်ယာဉ်များကို စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကြုံတွေ့လာနိုင်သော အခက်အခဲများကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
    
ယင်းနောက် နည်းပညာကုမ္ပဏီဖြစ်သော Shwe Digit Co.,Ltd မှ ဒါရိုက်တာ ဦးကျော်မိုးမင်းက Vehicle Monitoring System နှင့်ပတ်သက်၍လည်းကောင်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန်က လုပ်ငန်းရှင်များ အွန်လိုင်းဖြင့် ကုန်ပစ္စည်းသယ် ဆောင်ခွင့်လက်မှတ် (မျှော) လျှောက်ထား၊ ထုတ်ယူခြင်းနှင့်ပတ်သက်၍ Vehicle Monitoring System ဖြင့် လက်တွေ့လျှောက်ထားမှု အဆင့်ဆင့်တို့ကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြကြပြီး တက်ရောက်သူများ က သိရှိလိုသည်များကို မေးမြန်းကြသည်။

မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့သို့ ပို့ကုန်များ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်လမ်းကြောင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲနှင့် အခြားပို့ကုန်များတွင် ကုန်သွယ် ရေးဦးစီးဌာနမှ သတ်မှတ်ချက်များ ပြည့်မီမှုရှိ၊ မရှိစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ပစ္စည်းသယ်ဆောင်ခွင့် (မျှော) ကို သက်ဆိုင်ရာကုန်သွယ် လမ်းကြောင်းတို့မှ ထုတ်ပေးဆောင်ရွက်လျက်ရှိသဖြင့်  ပို့ကုန်ပစ္စည်းအားလုံး၏ ကုန်ပစ္စည်းသယ် ဆောင်ခွင့်ကို Online စနစ်ဖြင့်  ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ လျှောက်ထားမှုအပေါ် လိုအပ်သည့် အချက်အလက်များကို ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ရှိ နယ်စခန်းများ ညှိနှိုင်းကွပ်ကဲရေးဌာနခွဲမှစီစစ်၍ QR Coade ပါဝင်သည့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ရုံးပိတ်ရက်မရှိ အတည်ပြု ထုတ်ပေးသွားမည်ဖြစ်ပြီး QR Code ရရှိသော ပို့ကုန်ပစ္စည်း သယ်ဆောင်မည့် ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေးဂိတ်များတွင် QR Code ကိုပြသစစ်ဆေးခံရမည်ဖြစ်ရာ ပြသစစ်ဆေးခံနိုင်ခြင်းမရှိသော ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်စနစ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန် သွယ်မှုလမ်းကြောင်းတို့တွင် စတင် အသုံးပြုလျက်ရှိပြီး အခကြေးငွေကောက်ခံခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ ယာဉ်တစ်စီးလျှင် ငွေကျပ် (၅၀၀၀) နှုန်း ကောက်ခံသွားမည်ဖြစ်ရာ ယခင်က ပို့ကုန်လိုင်စင်မလိုအပ်ဘဲ တင်ပို့ခွင့်ရသည် ကုန်ပစ္စည်းများကို ပို့ကုန်လုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် Automatic Licensing  စနစ်ဖြင့် ပို့ကုန်လိုင်စင်များကို ချက်ချင်းခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး  
ညိမ်းသူ ( သတင်းစဉ် )