ကျုံပျော်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဧပြီ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ပန်းပင်ချောင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ပေ (၂၄၀၀) ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြမှုနှင့် ကျေးရွာသူ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက ဦးစီးဌာနအလိုက် ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရန်၊ အဂတိတရားကင်းရှင်းရန်၊ ရုံးအဆောက်အဦများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဂရုပြု ဆောင်ရွက် ကြရန် မှာကြားသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာန အလိုက် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်‌ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက သွင်းအားစုများ အချိန်မီဖြန့်ဖြူးပေးရန်၊ စိုက်ပျိုး ရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ရန်၊ ပီလောပီနံ စိုက်ဧကများ တိုးချဲ့စိုက်ပျိုး ရန် မှာကြားပြီးနောက် စံချိန်စံညွှန်းပြည့်ဝသည့် ပီလောပီနံ အမှုန့်ကြိတ်စက်များ တည်ဆောက်နိုင် ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက် နေမှုများကိုလည်းကောင်း၊ ကံစပ်ရာကုမ္ပဏီမှ Managing Director ဦးစည်သူအောင်က ပီလော ပီနံ တန်(၁၀၀)ကျ စက်ရုံ တည်ဆောက်မည့်အစီအစဉ်များနှင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြပြီး အသင်းသားတောင်သူများနှင့် ဒေသခံပြည်သူများ၏ လုပ်ငန်းလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်