ကျုံပျော်တွင် စပါးအထွက်နှုန်း ကောင်းမွန်ရေးနှင့် စိုက်ဧက လျော့ကျမှု မရှိစေရေး တောင်သူများနှင့် ဆွေးနွေး

ကျုံပျော် မေ ၂၃

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်း ကောင်းမွန်ရေးနှင့် စိုက်ဧက လျော့ကျမှု မရှိစေရေးအတွက် စပါးစိုက် တောင်သူများနှင့် ဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျုံတနီးကျေးရွာရှိ ပြည်လုံးချမ်းသာ ဘုရားတန်ဆောင်း အတွင်း၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်တို့က တောင်သူများ၏ နွေစပါး၊ မိုးစပါး စိုက်ဧကများ လျော့ကျမှုမရှိစေရေး၊ အထွက်နှုန်း တိုးတတ်ကောင်းမွန်ရေး ၊ မြေဆီမြေသြဇာ ကောင်းမွန်‌ရေး ဆောင်ရွက်သင့်သည်များနှင့် စိုက်ပျိုးနည်းပညာ တိုးတက် ရန်အတွက် ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ကြားပြီး ခေတ်ပညာတတ် တောင်သူများအဖြစ် အနာဂတ် မျှော်မှန်း ဆောင်ရွက်နိုင်ရေး တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့‌သည်။ ကျုံ‌ပျော်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၁၅၀၀၀)ကျော်ရှိပြီး၊ တနှစ်လျှင် မိုးစပါးတင်းပေါင်း(၈၂)သိန်းကျော်ထွက်ရှိကြောင်း သိရသည်။

 

လပြည့်ဦး(ပြန်/ဆက်)