ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ရန်လိုအပ်နေသည့် ဦးစားပေးနယ်ပယ် (၅) ခုတွင် နည်းပညာ အထောက်အပံ့များ ဆောင်ရွက်သွားမည်

နေပြည်တော် ၃ဝ  မတ်

 

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP) အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

ဒုတိယသမ္မတက ယနေ့အခမ်း အနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုဘက်စုံ လေ့လာ ဆန်းစစ်ခြင်း(Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြီး သတ်ရေးဆွဲပြီးဖြစ်သည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း (Medium Term Programme-MTP)အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

 

ယနေ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ကမ္ဘာ့ဘဏ်က ၂ ဒသမ ၉ ရာခိုင် နှုန်းခန့်မှန်းထားခဲ့သော်လည်း ယခုနောက်ဆုံး ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျလာပါကြောင်း၊ လျော့ကျလာရသည့်အကြောင်းရင်းများမှာ ဖွံ့ဖြိုး ပြီးနိုင်ငံကြီးများ၏ စီးပွားရေးနှေးကွေးလာမှု၊ ကုန်စည်ဈေးနှုန်းများကျဆင်းလာမှု၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်အား လျော့လာမှု၊ အဆင့်မြင့် စီးပွားရေး ဈေးကွက်များတွင် ဝယ်လိုအားကျဆင်းလာမှု၊ အရင်းအနှီးစီးဆင်းမှုနှေးသွားမှု စသည့် အကြောင်းရင်းများကြောင့် ဖြစ်ပါကြောင်း၊ တိုးတက်မှု နှေးကွေးသည့် စီးပွားရေးအခြေအနေနှင့် စီးပွားရေး မူဝါဒထိန်းညှိမှု ဆောင်ရွက်ချက်များကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကမ္ဘာ့စီးပွားရေး ဖွဲ့စည်း တည်ဆောက်မည့် ပုံစံကို ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်လာပါကြောင်း၊ ၂ဝ၁၇ ခုနှစ် World Economic Forum အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်ရမည့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း။

 

IMF ၏ ၂ဝ၁၆ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှုနှုန်း ဒုတိယအမြင့်ဆုံးနေရာတွင် ရှိနေပါကြောင်း၊ သို့သော်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့်အမျှ အာရှဒေသတွင် စီးပွားရေး အင်အားကြီးနိုင်ငံများ၏ စီးပွားရေးသည်လည်း နှေးကွေးလာခဲ့ပါကြောင်း၊ ယခုလိုအချိန်တွင် မိမိတို့နိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် အလျင်အမြန် ပေါင်းစည်းရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန်ပေါင်းစည်းနိုင်ရန် အရေးကြီးလှပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးမူဝါဒ(၁၂)ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ချမှတ်ရာတွင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals- SDGs) ထဲမှ လူတိုင်းအတွက် သင့်တော်သည့် အလုပ်အကိုင်ရရှိစေပြီး အားလုံးပါဝင် ရေရှည်တည်တံ့မည့် စီးပွားရေးတိုးတက်မှုမြှင့်တင်ရေး၊ ရေရှည်တည်တံ့သည့် စားသုံးမှု - ထုတ်လုပ်မှုပုံစံများ အခိုင်အမာ ပေါ်ပေါက်လာရေးဆိုသည့် ပန်းတိုင် (၂)ရပ်နှင့်ကိုက်ညီအောင် ရေးဆွဲထားပါကြောင်း၊ Medium Term Programme သည် နောက် (၅)နှစ်အတွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍ၌ ထောက်ပံ့ရန်လိုအပ်နေသည့် ဦးစားပေးနယ်ပယ် (၅)ခုတွင် ကုန်သွယ်ရေး ဆိုင်ရာနည်းပညာ အထောက်အပံ့များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာပါ အချက်အလက်များ၊ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ရာတွင် WTO ၏ ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်တွင် ပါဝင်သည့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများဖော်ထုတ်ရေးဆွဲခြင်း၊ စီမံကိန်းအဆိုပြုလွှာများ တင်သွင်းခြင်း၊ WTO, EIF အတွင်း ရေးမှူးရုံး၊ ဘဏ္ဍာရေးမှူးနှင့် သက်ဆိုင်ရာဖွံ့ဖြိုးမှုမိတ်ဖက်များမှ စီမံကိန်း အဆိုပြုလွှာများအား ဆန်းစစ်ခြင်း၊ စီမံကိန်းများအား သဘောတူခွင့်ပြုခြင်း၊ စာချုပ်စာတမ်းများနှင့် ဘဏ္ဍာငွေစီးဆင်းမှုများ စီမံဆောင်ရွက်ခြင်း၊ အတည်ပြုထားသည့် စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စီမံကိန်းများ ချောမွေ့လျင်မြန်စေရန် ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်အကဲ ဖြတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို သေချာစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ကုန်သွယ်မှုကဏ္ဍ  ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်မည့် သက်ဆိုင်ရာဌာနများအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်များ အနေဖြင့်လည်း လိုအပ်သည့်နည်းပညာဆိုင်ရာ အကူအညီများနှင့် ငွေကြေးအထောက်အပံ့များကို ပူးပေါင်းပါဝင်ပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မိမိတို့ ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ၂ဝ၁၅ခုနှစ်အတွင်း ကုန်သွယ်မှုဆိုင်ရာဘက်စုံလေ့လာဆန်းစစ်မှု “Diagnostic Trade Integrated Study-DTIS” အား ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ Medium Term Programme သည် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှ နှစ်တို၊ နှစ်လတ်(၂နှစ်၊ ၃နှစ်၊ ၅ နှစ် အတွင်း) ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် (Action Matrix) များကို တပေါင်းတစည်းတည်း ဖော်ပြထားသည့် အစီရင်ခံစာဖြစ်ပါကြောင်း။

 

နှစ်တို၊ နှစ်လတ်အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်းပါ အစီရင်ခံစာ Diagnostic Trade Integration Study -DTIS ပါလုပ်ငန်းစဉ်အများစုကို ဆွဲယူထားပါကြောင်း၊ ထို့ပြင် အခြားလေ့လာဆန်းစစ်မှု အစီရင်ခံစာများဖြစ်သည့် အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာအစီရင်ခံစာများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီရင်ခံစာများ၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ အစီရင် ခံစာများ၊ အာဆီယံကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အစီရင်ခံစာစသည့် စာတမ်းများမှ ဦးစားပေးကဏ္ဍများကို ရွေးထုတ်ထားပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် မဏ္ဍိုင်ကြီး (၅) ခု၊ လုပ်ငန်းစဉ်အတွဲ (၂၃) ခုနှင့် ဦးစားပေးလုပ်ငန်း ၁၈ဝ ကျော်တို့ကို ဦးစားပေးကဏ္ဍအနေဖြင့် ရွေးချယ်ထားခြင်းဖြစ်ပါကြောင်း။

 

မဏ္ဍိုင်ကြီး (၅) ခုမှာ ကုန်သွယ်မှုမူဝါဒနှင့် အဖွဲ့အစည်းများ၊ ကုန်သွယ်မှု လွယ်ကူစေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အရည်အသွေးမြင့် အခြေခံအအောက်အအုံနှင့် စံချိန်စံညွှန်းများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်အမျိုးမျိုးထုတ်လုပ်ရေးတို့ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Roland Kobia နှင့် ကမ္ဘာ့ဘဏ်မှ Country Manager, Mr. Abdoulaye Seck တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။

 

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာ ဝန်ကြီးများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ကမ္ဘာ့ဘဏ်မှ ဧည့်သည်တော်များ၊ UMFCCI မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။