ကုန်သွယ်ရေးစစ်ပွဲကြောင့် အာရှနိုင်ငံများ၏ စီးပွားရေး အကျဘက်သို့ဦးတည်လာ

ခြူးစန္ဒီနွေး


လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်မှာ စိုးရိမ်ပူပန်ရမှုတွေ ပိုပိုပြီးမြင့်တက် လာနေပါတယ်။ စီးပွားရေးကျဆင်းမှုတွေရဲ့ အကြောင်းဟာ လူပြောအများဆုံးအကြောင်းအရာ ဖြစ်ခဲ့ပါတယ်။ စီးပွားရေးကျဆင်းလာမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေမှာ မသေချာ မရေရာမှုတွေဟာလည်း ပျံ့နှံ့လာခဲ့ပါတယ်။


နစ်နာမှုတွေပေါ်ပေါက်လာ 


ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် အရိပ်ထိုးလာပြီး စီးပွားရေးဟာ အကျဘက်ကို ဦးတည်လာခဲ့ပါတယ်။ စီးပွားရေး ကျဆင်းလာမှုဟာ အာရှမှာရှိတဲ့၊ ကြီးမားခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအပေါ်မှာတော့ ခြိမ်းခြောက်မှု ချက်ချင်း ဖြစ်မလာခဲ့ပါဘူး။ ဟောင်ကောင်၊ စင်ကာပူတို့မှာရှိတဲ့ အသေးစားစီးပွားရေးလုပ်ငန်း တွေမှာတော့ နစ်နာမှုတွေ သေချာပေါက် ပေါ်ပေါက်လာခဲ့ပါတယ်။ အောက်စ်ဖို့ဒ် အာရှစီးပွားရေးဌာနမှ အကြီးအကဲ လူးဝစ်ကူဝိစ်ကတော့ ဒီဖြစ်ရပ်ကို တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ ကြားညပ်ခံရတဲ့ အပြစ်ကင်းသူတွေလို့ ခေါ်ဝေါ်လိုက်ပါတယ်။ 


စီးပွားရေးကျဆင်းမှုဒဏ်ခံရ


ဒီလိုလုပ်ငန်းငယ်လေးတွေဟာ လွတ်လွတ်လပ်လပ်ရှိပြီး တရုတ်နဲ့ ကုန်သွယ်ရေးဟာ အင်မတန်မှ အရေးပါလှပါတယ်လို့ လူးဝစ်က ပြောပါတယ်။ အာရှရဲ့ ထိပ်သီး စီးပွားရေးအင်အားကြီးတွေလည်း စီးပွားရေးကျဆင်းမှုဒဏ်ကို ခံရတာပါပဲ။ တရုတ်ရဲ့ ဂျီဒီပီဟာ ဒုတိယသုံးလပတ်ကာလမှာတော့ ၆ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိပါတယ်။ အဲဒီနှုန်းထားဟာ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေကစလို့ အနှေးကွေးဆုံးသော ပမာဏ လည်း ဖြစ်ပါတယ်။ 


ကုန်သွယ်ရေးစစ်ပွဲ အရှိန်ကောင်းလာ 


ဘီလီယံနဲ့ချီပြီးတန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်ပိုမိုစည်းကြပ်မှု ပြုလုပ်လိုက်တာကြောင့် ကုန်သွယ်ရေးစစ်ပွဲဟာ ပိုမိုအရှိန်အားကောင်း လာခဲ့တာပါ။ ဒါကြောင့်လည်း တရုတ်ကုမ္ပဏီကြီးတွေကို ပိုမိုအထိနာစေခဲ့ပါတယ်။ ဘာလို့လဲဆိုရင် အကြမ်းဖျင်းအားဖြင့် ၂၀ ရာခိုင်နှုန်းသော တရုတ်နိုင်ငံရဲ့ ပို့ကုန်တွေဟာ အမေရိကန်ဆီ တင်ပို့လို့ပါပဲ။ ကာလရှည်ကြာ ကုန်သွယ်ရေးအငြင်းပွားမှုဟာ ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတာ မသိနိုင်သေးတဲ့အတွက်လည်း စီးပွားရေးကို ပိုမိုအထိနာစေခဲ့တာလို့ ယူဆဖွယ်ရှိပါတယ်။


တစ်ခုတည်းသော အကြောင်းပြချက် 


စီးပွားရေးလုပ်ငန်းတွေကို အထိနာစေတဲ့ တစ်ခုတည်းသောအကြောင်းအရာကတော့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲရဲ့ မသေချာမရေရာမှုကြောင့်ပါပဲ။ ဒါဟာ အခွန်စည်းကြပ်မှုတွေထက် ပိုပြီးအရေးပါတဲ့ အကြောင်းပြချက်တစ်ခုပါပဲလို့ မစ္စတာ လူးဝစ်က ပြောပါတယ်။ ဒီလိုမသေချာမှုတွေဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေတဲ့ အဓိကအကြောင်းပြချက်တစ်ခုပါပဲ။ တရုတ်နိုင်ငံဟာ ဒီနှစ်ပိုင်းအတွင်းမှာ စီးပွားရေးကို အထောက်အကူဖြစ်စေဖို့အတွက် အရေးပါတဲ့ခြေလှမ်းတွေ ပြင်ဆင်ခဲ့ပါတယ်။ အခွန်ဖြတ်တောက်တာ၊ အခြေခံအဆောက်အအုံတွေမှာ သုံးစွဲတာ အစရှိ တာတွေအပါအဝင် အခြားသောအရေးပါတဲ့ကိစ္စတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၆ ရာခိုင်နှုန်းနဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာအောင် တရုတ်အစိုးရက ပစ်မှတ်ထားလုပ်ဆောင်နေပါတယ်။ ဒါကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေပါပဲ။ ကျန်အာရှနိုင်ငံတွေမှာရော စီးပွားရေး အခြေအနေဟာ ဘယ်လိုမျိုးပါလဲ။


ဂျပန်နိုင်ငံရဲ့ စီးပွားရေး 


ဂျပန်နိုင်ငံမှာတော့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ နှေးကွေးလာပြီး စီးပွားရေးလုပ်ငန်းတွေမှာ ယုံကြည်စိတ်ချရမှုကိုလည်း သတိပေးသံတွေ ထွက်ပေါ်လာပါတယ်။ ဂျပန်နိုင်ငံဟာ အီလက်ထရောနစ် ပစ္စည်းတွေ၊ ကားအစိတ်အပိုင်းတွေ အဓိကထားပြီး တင်ပို့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဒုတိယသုံးလပတ်မှာတော့ ဂျီဒီပီက ဝ ဒသမ ၄ ရာခိုင်နှုန်း တိုးလာပါတယ်။ မျှော်လင့်ထားတာထက် ဝ ဒသမ ၁ ရာခိုင်နှုန်း တိုးလာတာပါ။ ခိုင်မာတဲ့ဖောက်သည်တွေရှိနေတာကိုပဲ ကျေးဇူးတင်ရမှာပါ။ ကာလရှည်ကြာ စောင့်ဆိုင်းနေတဲ့ ရောင်းခွန်တိုးမြှင့်မှုဟာလည်း အောက်တိုဘာလမှာ စတင်တော့မှာပါ။ ဒါကြောင့်လည်း ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး ဂျပန်အတွက် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရဖွယ်ရှိပါတယ်။ အခွန်တွေ တိုးမြှင့်လာတဲ့အခါ ပြည်တွင်းကဝယ်လိုအားကို လျော့သွားစေနိုင်တယ်လို့လည်း ဂျပန်စီးပွားရေးပညာရှင် မာဆယ်က ပြောပါတယ်။ 


အိန္ဒိယမှာလည်း စီးပွားရေးနှေးကွေး 


အာရှရဲ့ တတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အိန္ဒိယမှာတော့ ရင်းနှီးမြှုပ်နှံမှု အားနည်းတာရော၊ ပြည်တွင်းမှာ ဝယ်လိုအားနှေးကွေးနေတာကြောင့်ရယ်ပါ စီးပွားရေးဟာ တုံ့ဆိုင်းနေပါတယ်။ အိန္ဒိယရဲ့ ဂျီဒီပီကတော့ ငါးနှစ်အတွင်းမှာ ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ နောက်တစ်ကြိမ် ဂျီဒီပီတိုင်းတာမှုကို ဩဂုတ် ၃၀ ရက်မှာ သိရမှာဖြစ်ပြီး ဆက်လက်၍ အားနည်းနေနိုင်သေးတယ်လို့ သိရပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကတော့ ပြည်တွင်းဝယ်လိုအားအပေါ်မှာ အဓိကမှီခိုနေပြီး သုံးစွဲနိုင်မှုပမာဏကတော့ သိသိသာသာပဲ လျော့ကျနေပါတယ်။ ကားတွေရောင်းချ မှုမှာလည်း ပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ဇူလိုင်လအတွင်းမှာ မော်တော်ကား ရောင်းချမှုပမာဏဟာ ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဒါဟာ ဆယ်စုနှစ် နှစ်ခုစာအတွင်းမှာ သိသိသာသာထိုးကျသွားတာလည်း ဖြစ်ပါတယ်။ အရောင်းထိုင်း လာတဲ့အတွက် အလုပ်နေရာလျှော့ချတာတွေ၊ ထုတ်လုပ်မှုလျှော့ချတာတွေ လုပ်လာ ရပါတယ်။ ယခုနှစ်အတွင်းမှာ အိန္ဒိယဗဟိုဘဏ်ဟာ အခွန်ကို လေးကြိမ်တိုင်တိုင် ဖြတ်တောက်ပေးခဲ့ရပါတယ်။


နည်းပညာမြင့်ပစ္စည်းတွေအပေါ် မှီခို


စင်ကာပူကတော့ နည်းပညာမြင့်ပစ္စည်းတွေတင်ပို့မှုအပေါ် မှီခိုအားထားရပါတယ်။ တစ်ကမ္ဘာလုံးက အီလက်ထရောနစ်ပစ္စည်းဝယ်လိုအားဟာ ကျဆင်းမယ့် အရိပ်ယောင်တွေ ရှိလာပါတယ်။ ဒုတိယ သုံးလပတ်ကာလမှာ စီးပွားရေးဟာ ၃ ဒသမ ၃ ရာခိုင်နှုန်း ကျသွားပါတယ်။ 


ယခုနှစ်အတွင်းမှာ တောင်ကိုရီးယားရဲ့ စီးပွားရေးဟာ အကျဘက်ကို ဦးတည်လာမှာကို စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားအစိုးရက စီပွားရေးမှာ အကူအညီပေးမှုတွေပြုလုပ်ပြီး စီးပွားရေးအကျဘက် ဦးတာလာတာကို ရှောင်းရှားနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ဒုတိယသုံးလပတ်ကာလမှာ တစ်ဖန်ပြန် တိုးတက်လာခဲ့ပါတယ်။ သုံးလအတွင်း ဂျီဒီပီတိုးတက်မှုဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကနဲ့ ယှဉ်ရင်တိုးတက်လာတာကို တွေ့မြင်ရမှာပါ။ ဇူလိုင်လအတွင်းမှာ ဗဟိုဘဏ်ဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခွန်နှုန်းထားကို ဖြတ်တောက်ခဲ့ပါတယ်။


အာရှစီးပွားရေးကို တုံ့ဆိုင်းစေခဲ့ 


ကမ္ဘာ့အီလက်ထရောနစ်ဈေးကွက် အကျဘက်ကို ဦးတည်လာတဲ့အတွက် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေတင်ပို့မှု နှေးကွေးလာပါတယ်။ တိုင်းပြည်ရဲ့ ၃၀ ရာခိုင်နှုန်းသော တင်ပို့ကုန်ဟာ အီလက်ထရောနစ် ပစ္စည်းတွေပါပဲ။ နောက်ပြီး ဂျပန်နိုင်ငံရဲ့ နည်းပညာမြင့်ပစ္စည်းတွေ တောင်ကိုရီးယားကို တင်ပို့မှု ကန့်သတ်လိုက်တာကြောင့်လည်း တောင်ကိုရီးယားရဲ့ တိုးတက်မှုနှုန်းကို မသေမချာဖြစ်သွားစေခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးဆွေးနွေးပွဲ မသေချာမှုတွေကြောင့်လည်း အာရှစီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို တန့်နေစေခဲ့ပါတယ်။ 


ဈေးကွက်ထိခိုက်လာ 


အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲဟာ ရင်းနှီးမြှုပ်နှံသူတွေကို စိုးရိမ်ပူပန်ရမှုတွေ ဖြစ်ပေါ်စေတာလည်း အမှန်ပါပဲ။ အမေရိကန်နဲ့ တရုတ်တို့ကြား အပြန်အလှန်အခွန်တိုးမြှင့်စည်းကြပ်မှုတွေဟာလည်း စက်တင်ဘာ ၁ ရက်ဆိုရင် စတင်သက်ရောက်တော့မှာပါ။ ကုန်သွယ်ရေးအတွက် ဆွေးနွေးကြသူတွေကိုယ်တိုင် ဘယ်အချိန်မှာ ဒီကိစ္စပြီးပြတ်မလဲဆိုတာ အတိအကျမပြောနိုင်ကြပါဘူး။ ကုန်သွယ် ရေးမှာ မသေချာမှုတွေကြောင့် ဈေးကွက်ကို ထိခိုက်လာတာကတော့ အမှန် ပါပဲ။ ။ 


ကိုးကား - ဘီဘီစီ၊ စီအင်န်အင်န်