ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ကောင်စီတစ်ရပ်တည်ထောင်ရန် ဥရောပသမဂ္ဂနှင့် အိန္ဒိယနိုင်ငံတို့ သဘောတူညီ

နယူးဒေလီ   ဧပြီ    ၂၆

ဥရောပသမဂ္ဂ(အီးယူ)နှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် နည်းပညာနယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုများ    တိုးမြှင့်လုပ်ဆောင်ရန်   ဝန်ကြီး များအဆင့်   ကောင်စီတစ်ရပ်ကို   တည်ထောင်ရန် သဘောတူညီခဲ့ကြကြောင်း   ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ      ဗွန်ဒါလီယန်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီတို့  ဧပြီ ၂၅ ရက်တွင် မြို့တော်နယူးဒေလီ၌ တွေ့ဆုံစဉ် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီ ယန်နှင့်  အိန္ဒိယနိုင်ငံဝန်ကြီးချုပ်  မိုဒီတို့   တွေ့ဆုံ ဆွေးနွေးစဉ်   ကုန်သွယ်ရေး၊   ယူကရိန်းအရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း      အခြေအနေများကို  အဓိကထား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲပြီးနောက်   ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်အရ ဥရောပသမဂ္ဂနှင့် အိန္ဒိယ နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ  ကောင်စီတစ်ရပ်ကို   တည်ထောင်ရန်သဘောတူညီ ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည်  အမေရိကန် နိုင်ငံပြီးနောက် ဥရောပသမဂ္ဂနှင့်  ကုန်သွယ်ရေးနှင့်  နည်းပညာဆိုင်ရာ ကောင်စီတစ်ရပ် တည်ထောင်မည့် ဒုတိယမြောက်နိုင်ငံဖြစ်ကြောင်း သိရသည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ      ဗွန်ဒါလီယန်၏ နယူးဒေလီသို့ သွားရောက်ရသည့်      ခရီးစဉ်၏ ရည်ရွယ်ချက်သည်     ရုရှား-ယူကရိန်းအရေးနှင့် စပ်လျဉ်း၍    အိန္ဒိယနိုင်ငံအား   တွန်းအားပေးရန် ဖြစ်သော်လည်း အိန္ဒိယနိုင်ငံသည်  လက်ရှိအချိန် တွင်  ရုရှားနိုင်ငံအား  ဝေဖန်ခြင်းလည်း   မရှိသလို ထောက်ခံခြင်းလည်းမပြုသည့်   နိုင်ငံဖြစ်ကြောင်း သိရသည်။
               
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်