ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရမှုမှ တရားခံများကို ရှာဖွေဖော်ထုတ်  အရေးယူမည်ဟု အိန္ဒိယပြောကြား

နယူးဒေလီ       ဒီဇင်ဘာ    ၂၆ 

အာရေဗျပင်လယ်ရှိ ကုန်တင်သင်္ဘော များကို  မကြာသေးမီက   မောင်းသူမဲ့လေယာဉ်များဖြင့်        တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်မှ  တရားခံများကို   ရှာဖွေဖော်ထုတ်မည်ဟု  အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည်  အာရေဗျပင်လယ်ရှိ ကုန်တင်သင်္ဘော MV Chem Pluto အား မကြာသေးမီက မောင်းသူမဲ့ လေယာဉ်ဖြင့်  တိုက်ခိုက်ခံခဲ့ရခြင်းနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ပင်လယ်နီတွင် ရေနံတင်သင်္ဘော MV Sai Baba တိုက်ခိုက်ခံရခြင်းတို့အပေါ် ပင်လယ်ပြင်တွင်  စောင့်ကြည့်ခြင်း လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

အိန္ဒိယကမ်းရိုးတန်းရှိ   MV Chem Pluto သင်္ဘောအား မောင်းသူမဲ့လေယာဉ်ဖြင့်  တိုက်ခိုက်မှု  ဒီဇင်ဘာ ၂၃ရက်က  ဖြစ်ပွားခဲ့ရာ  အာရေဗျပင်လယ်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ဘောသား   ၂၁ ဦးပါရှိသည့်    လိုက်ဘေးရီးယားအလံ  လွှင့်တင်ထားသော ဓာတုထုတ်ကုန်များတင် သင်္ဘော MV Chem Pluto သည်   ဒီဇင်ဘာ ၂၅ ရက်တွင်  မွမ်ဘိုင်းမြို့သို့ရောက်ရှိခဲ့ပြီး ၎င်းရောက်ရှိချိန် တွင် အိန္ဒိယရေတပ်၏ ဖောက်ခွဲရေးလက်နက်ဖယ်ရှားရေးအဖွဲ့က ၎င်းကုန်တင်သင်္ဘောအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ