ကူးစက်ရောဂါ ဆက်လက်သတိပြုလိုက်နာ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အနည်းငယ်ကျဆင်းလာသည့် အလားအလာကို တွေ့ရသည်။ သို့သော် သေဆုံးသူ အရေအတွက်လျော့လာသော်လည်း ရောဂါဖြစ်ပွားမှုမှာ ထောင်ဂဏန်းအထက်ရှိနေသေး၍ ဖြေလျှော့ နေထိုင်ရန် မသင့်သေးပေ။ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆက်လက်လိုက်နာရန်လိုအပ်ပါသည်။

ရောဂါဖြစ်ပွားမှုမှာ ကျဆင်းမှုအရိပ်အယောင်ရှိသော်လည်း သတိပြု ရမည့်အချက်မှာ လက်ရှိ၌ သီတင်းကျွတ်ရာသီကာလ၊ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုကာလ၊ မကြာမီဆင်နွှဲရတော့မည့် ပြည်လုံးကျွတ်ဆန္ဒမဲပေးရေး စသည့်အရေးပါ။ အရေးကြီးလှုပ်ရှားလုပ်ကိုင်မှုများရှိရာ ယင်းတို့ကို သတိပြုဆောင်ရွက်ရန် လိုအပ်ပေသည်။ အရေးကြီးသည်မှာ ယခုကာလတွင် လူစုလူဝေးဆိုင်ရာ ကိစ္စရပ်များဖြစ်နေ၍ သတိမမူမိလျှင် ရောဂါဖြစ်ပွားနှုန်း ပြန်တက်လာမည်ကို သတိချပ်ရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ယခုအခါ တစ်နှစ်ဝန်းကျင်သို့ ရောက်လာပြီဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကိုဗစ်သင်ခန်းစာများကို ထိုက်သင့်သလောက်ရရှိပြီဟု ဆိုနိုင်သည်။ အဓိက အချက်မှာ ကိုဗစ်နှင့်ပတ်သက်၍ ထိန်းသိမ်းလိုက်နာနိုင်လျှင်၊ စည်းကမ်း လိုက်နာနိုင်လျှင် ရောဂါဖြစ်ပွားမှု ကျဆင်းနိုင်ပြီး မထိန်းသိမ်းမလိုက်နာ ကြလျှင် ရောဂါဖြစ်ပွားနှုန်း တက်လာမည်ဖြစ်သည်။ ယင်းကို သတိမမေ့ဘဲ စည်းကမ်းနှင့်အညီ လိုက်နာနေထိုင်မှ ရောဂါဘေးကင်းဝေးမည်ဖြစ်သည်။

ယခုအခါ နိုင်ငံတော်၏လမ်းညွှန်မှုများ၊ ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏အမိန့်ညွှန်ကြား ချက်များ အဆက်မပြတ်ထုတ်ပြန်လျက်ရှိရာ ယင်းတို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း၌ အသက် ၆၀ နှင့် အထက် အသက်အရွယ်ကြီးသူများလည်း ကြိုတင်ဆန္ဒမဲပေးနိုင်ကြပြီဖြစ် ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ယခုအချိန်တွင် မိမိတို့အရပ်ဒေသ၌ သွားလာလှုပ်ရှားလုပ်ကိုင်မှုများ ပိုမိုရရှိနေခြင်းသည် ဖြစ်ပွားမှု လျော့ကျလာသဖြင့် ဖြေလျှော့ပေးလိုက်ခြင်း၊ မဟုတ်သည်ကို သတိမူရမည်ဖြစ်သည်။ ပြည်သူများ အဆင်ပြေချောမွေ့ စေရန်အတွက် နားလည်မှုပေးထားခြင်းဖြစ်သည်ကို သိရှိကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်းသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ယခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားသည်ကိုလည်း သိရှိထားရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၅ ရက်စွဲပါ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်နှင့်စပ်လျဉ်းသည့် ကြေညာချက်။ မတ် ၂၀ ရက်စွဲပါ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွား များနှင့်ပတ်သက်သည့် ကန့်သတ်မှု၊ ရပ်ဆိုင်းမှု။ မတ် ၂၄ ရက်စွဲပါ မြန်မာ နိုင်ငံသို့ လာရောက်သည့်ခရီးသွားများအပေါ်ထပ်တိုးကန့်သတ်ချက်။ မတ် ၂၈ ရက်စွဲပါ ယာယီရပ်ဆိုင်းမှုအမိန့် များရှိနေသည်။ ထို့အပြင် ရွေးကောက်ပွဲ ဆိုင်ရာ သီးခြားညွှန်ကြားချက်မှအပ သတ်မှတ်ထားသော နေအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်လည်း ရှိနေဆဲဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံး ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်များ ထုတ်ပြန်ထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံး ခြင်းတို့နှင့်စပ်လျဉ်းသည်တို့မှာ နိုဝင်ဘာလ၆ ရက်နေ့ ည ၁၂ နာရီအထိဖြစ်ပြီး ယင်းတို့ကို သိရှိလိုက်နာကြရမည်ဖြစ်သည်။ 

သို့ဖြစ်ရာ ယနေ့အချိန်တွင် လူစုလူဝေး၊ လူအများနှင့် သက်ဆိုင်သည့် သီတင်းကျွတ်ရာသီ၊ မဲဆွယ်စည်းရုံးသည့်ကာလ၊ ပြည်သူများ မဲဆန္ဒပေးသည့် အချိန်များဖြစ်၍ နိုင်ငံတော်နှင့်သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကင်းဝေးရေးကို ရှေးရှုထုတ်ပြန် ထားသော အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကို မမေ့မလျော့သတိပြု လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ 

ကြေးမုံ