ကူးစက်ရောဂါများအား လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ချက်

လူတိုင်း အစားအစာနှင့် အရာဝတ္ထုများကို မိမိ လက်ဖြင့် နေ့စဉ် ကိုင်တွယ် စားသောက်အသုံးပြုသောကြောင့် လူတို့၏ လက်တွင် ရောဂါပိုးများနှင့် အညစ် အကြေးများ နေ့စဉ် ကပ်ငြိနေနိုင်ပါသည်။ ထိုသို့ရောဂါပိုးများ ကပ်ငြိနေသောကြောင့် အောက်ဖော်ပြပါရောဂါများ ဖြစ်ပွားနိုင်ပါသည်။

* ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်အသည်းရောင်အသားဝါ ရောဂါ

* ပိုလီယိုရောဂါ

* သန်ကောင်ကြောင့်ဖြစ်ပွားသောရောဂါများ

* အရေပြားသန့်ရှင်းမှု မရှိသောကြောင့် ဝဲ၊ ဒက်၊ ယားနာ၊ ပြည်တည်နာများဖြစ်ပွားပြီး အခြားသူသို့ ကူးစက်လွယ်ခြင်း၊ ပျောက်ကင်းရန် အချိန်ကြာမြင့်ခြင်း။

ကာကွယ်ရန်နည်းလမ်းများ

၁။ အလွယ်ကူဆုံးနှင့် စရိတ် အသက်သာဆုံးနည်းလမ်းမှာ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းဖြစ်သည်။

၂။ အစားအစာ မကိုင်တွယ်မီ၊ အစာမစားမီ၊ အိမ်သာတက်ပြီးတိုင်း၊ ကလေးအညစ်အကြေး ကိုင်တွယ်ပြီးတိုင်း၊ အမှိုက်သရိုက် ကိုင်တွယ်ပြီးတိုင်း၊ ကြက်၊ ငှက် တိရ္ဆာန်၊ အိမ်မွေးတိရ္ဆာန်များ ကိုင်တွယ်ပြီးတိုင်း၊ ကြက်၊ ငှက်၊ အသားငါး၊ ဥများ ကိုင်တွယ်ပြီးတိုင်း၊ လူနာများကို ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စနစ်တကျ စင်ကြယ်အောင်ဆေးကြောရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ လူတိုင်း မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် စနစ်တကျ ဆေးကြောရန်နှင့် သူတစ်ပါးကိုလည်း လက်ကိုစင်ကြယ်အောင် စနစ်တကျ ဆေးကြောကြရန် သတိပေးခြင်းဖြင့် ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန