ကူးစက်တတ်သောရောဂါများ ကာကွယ်တာဆီးနှိမ်နင်းရေး စီမံချက်၏ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၁၈ ဒီဇင်ဘာ 
 
ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေး စီမံချက်၏ (၂၀၁၈) ခုနှစ်အတွက် နှစ်ပတ်လည် လုပ်ငန်းဆန်းစစ် ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
 
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၈၅၀၁၉ ဦး၊ ရောဂါကြောင့်သေဆုံးသူ  ၃၀ ဦး၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖြစ်ပွားသူ ၃၁၉၆၄ ဦးနှင့် သေဆုံးသူ ၈ ဦးရှိသဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၇၁) ကြိမ်မြောက် ညီလာခံတွင် မဟာမဲခေါင်ဒေသနိုင်ငံများ၏ “Ministerial call for action to eliminate malaria in the Greater Mekong Subregion before 2030” ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် အာရှ - ပစိဖိတ် ဒေသနိုင်ငံများတွင် ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်ပြည့်မီရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်းများတွင် အဓိကကျသည့် ဖြစ်ပွားသူတစ်ဦးချင်းအလိုက် စုံစမ်းစစ်ဆေးခြင်းနှင့် လတ်တလော ရောဂါဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးခြင်းတို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ 
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာ၏အရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ယခုအခါ ကမ္ဘာနှင့် တစ်ဝန်းတွင် သိသာစွာ မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားသူ ၃၁၂၈၈ ဦးနှင့် သေဆုံးသူ ၁၉၂ ဦးရှိ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖြစ်ပွားသူ ၂၂၂၀၄ ဦးနှင့် သေဆုံးသူ ၁၀၇ ဦး ရှိပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများသည် ပြည်သူလူထုကိုယ်တိုင် တက်ကြွစွာဖြင့် ပါဝင်မှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပါကြောင်း။
 
သတင်းအချက်အလက် စီးဆင်းမှုသည် အရေးကြီးပြီး ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေး လုပ်သားများထံ ဖြန့်ဝေလျက်ရှိသော Mobile Tablet များကို သတင်းအချက်အလက် စီးဆင်းမှုအတွက် မည်ကဲ့သို့ အကျိုးရှိစွာ အသုံးချနိုင်မည်ကိုလည်း စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆေးဝါးလက်ကျန် စာရင်းများကိုလည်း Mobile Tablet များ အသုံးပြု၍ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများတွင် ကူညီပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းမှသာ လုပ်ငန်းဆောင်ရွက်မှုများ ပြန့်ကျဲမနေဘဲ စနစ်တကျ ဆောင်ရွက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
 
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ် တားဆီးနှိမ်နင်းရေး စီမံချက်၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
 
ဆက်လက်၍ ရောဂါနှိမ်နင်းရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒေါက်တာစောလွင်က ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကြံပြု ရှင်းလင်းပြောကြားသည်။ 
 
(သတင်းစဉ်)