ကူဝိတ်နိုင်ငံရှိ လူစည်ကားရာဈေးကြီး မီးလောင်မှုဖြစ်ပွား လူ ၁၄ ဦး ဒဏ်ရာရ

ဧပြီ ၁

 

ကူဝိတ်နိုင်ငံ ကူဝိတ်မြို့ရှိ လူစည်ကားရာ အယ်လ်မူဘာရာကီယာဈေးတွင် ယမန်နေ့မွန်းလွဲပိုင်းက မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် လူ ၁၄ ဒဏ်ရာရရှိခဲ့သည်ဟု ကူဝိတ်သတင်းအေဂျင်စီက ဆိုသည်။

 

အဆိုပါမီးသည် ထိုဈေးကြီးတွင် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၀ မိနစ်က စတင်လောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ရှစ်ဖွဲ့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် ထိုမီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ခဲ့ကြောင်း ကူဝိတ်မီးသတ်တပ်ဖွဲ့က ပြောကြားသည်။

 

ပထမဦးစွာ ဆိုင်ခန်း ၂၀ ခန့်ကို မီးလောင်ကျွမ်းခဲ့ပြီး ထိုဈေးကြီ၏သစ်သားမျက်နှာကြက်များများကို ပိုမိုလောင်ကျွမ်း ခဲ့သည်ဟု ၎င်းတပ်ဖွဲ့က ထပ်လောင်းပြောသည်။

 

အဆိုပါမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

 

အယ်လ်မူဘာရာကီယာဈေးသည် ကူဝိတ်မြို့တွင် ရိုးရာဈေးတစ်ခုဖြစ်သည်။ ကူဝိတ်ရှိ ရှေးအကျဆုံးဈေးများအနက် တစ်ခုဖြစ်ပြီး ထိုဈေးတွင် စွံပလွံသီးများ၊ ပျားရည်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အသား၊ ငါး၊ ရွှေ၊ ငွေလက်ဝတ်ရတနာများ အရောင်းဆိုင်များရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို