ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော် ဇွန် ၂၄

 

ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ\ဆရာမများနှင့် ကျောင်းသား\ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ အမှတ်(၁) အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား\ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများ၊ ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက စာကြည့်တိုက်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပြီး လူငယ်များအနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုကြရမည် ဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ကယားပြည်နယ်အတွင်း စာကြည့်တိုက်များ ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာတတ်သူတိုင်း စာဖတ်စေရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း နေထိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လှူဒါန်းခဲ့ပြီး သီဆိုဖျော်ဖြေတင်ဆက်သွားကြသည့် ကျောင်းသား\ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်ခဲ့ရာ ကျောင်းစာကြည့်တိုက် တာဝန်ခံဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကာ ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်ကြသည့် အရုပ်ဆက်ခြင်းနှင့် စကားပုံဆက်ခြင်း ကစားနည်းများကို ပျော်ပျော်ပါးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)