ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော်          ဩဂုတ်          ၁၆

 

ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၅ ရက်နှင့် ၁၆ ရက် တို့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး အဆိုပါ လမ်းညွှန်မှာကြားချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူကာ သက်ဆိုင်ရာ ဌာနအသီးသီးက အလေးထားလိုက်နာ ဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ခြောက်လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် နည်းလမ်းများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာအသီးသီးက ပြည်နယ်အစိုးရအဖွဲ့နှင့် လက်တွဲကာ ကဏ္ဍအသီးသီးတွင် လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆက်လက်အကောင် အထည်ဖော် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)