ကယားပြည်နယ်အစိုးရအဖွဲ့က အခြေခံပညာ ဆရာ ဆရာမများအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ငွေများပေးအပ်

လွိုင်ကော်    ဇွန်    ၄

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ အခြေခံပညာသင်ကြားရေး ဆရာ ဆရာမများအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၄ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ်က “ပြည်နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် ဆရာ ဆရာမများ အနေဖြင့် တာဝန်သိသိ သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်နေမှုကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်း၊ အမျိုးသား ပညာရည် မြင့်မားရေးနှင့် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းစွာ ပညာသင်ကြားရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဌာနဆိုင်ရာများ၊ ပညာရေး ဝန်ထမ်းများအားလုံး ကျောင်းသားမိဘများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်က ဆရာ ဆရာမများအား ကျောင်းဝတ်စုံများနှင့် ထောက်ပံ့ငွေများကို လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက ကျောင်းဝတ်စုံများကို လည်းကောင်း ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ ဆရာမများက လက်ခံရယူကြသည်။ ယင်းနောက် ကယားပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဆရာ ဆရာမများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)