ကယားပြည်နယ်လုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲတော် ဒီးမော့ဆိုမြို့နယ်တွင် ကျင်းပ

ဒီးမော့ဆို ၂ဝ နိုဝင်ဘာ

 

ကယားပြည်နယ်လုံးဆိုင်ရာ (၁၅) ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီက ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအုပ်စု ကုန်းသာ ကျေးရွာ၌ ကျင်းပသည်။

 

ကုန်းသာကျေးရွာ ရှမ်းယဉ်ကျေးမှု လူငယ်မောင်မယ်များက နှစ်သစ်ကြိုဆိုသည့် အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ရှမ်းယဉ်ကျေးမှု၏ ထင်ပေါ်ကျော်ကြားသော တိုးနယားအက၊ ဓား၊ တုတ်၊ သိုင်းအကဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအဖွဲ့အား ဂုဏ်ပြုလက်ဆောင်အဖြစ် မောင်းနှင့် ဂုဏ်ပြုဆုငွေကျပ် ၁ဝ သိန်းကို ပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ယင်းနောက် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ရှမ်းနှစ်သစ်ကို ကြိုဆိုကြသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)