ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

 

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၈

 

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅ သန်းကျော် တန်ဖိုးရှိသည့် နိုင်ငံတော်ပိုင် (အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ) မြေကွက်လပ်အား နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှုကို အကြောင်းပြု၍ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ပေးအပ်ခဲ့ပြီး အဆိုပါမြေနေရာအား ပြန်လည်အလှူခံရယူခဲ့ခြင်း။

 

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်လင်လေးနှင့် နန်းမယ်ခုံရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန LED Board နှင့် Transformer တည်ဆောက်ခြင်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင်မြင်သော ကုမ္ပဏီထံမှ ပေးအပ်သည့် စုစုပေါင်း ငွေကျပ်သိန်း ၁၁၀ ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်ကော်မြို့တွင်းလမ်း Platform ဆောင်ရွက်ခြင်းလုပ်ငန်း၊ Slab Culvert တည်ဆောက်ခြင်း လုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ရုံးသစ် နှစ်ထပ် တည်ဆောက်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်းပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ပေးအပ်သည့် စုစုပေါင်း‌ ငွေကျပ် ၈၂ သိန်းကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း။

 

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် ဧည့်ရိပ်သာတို့အား လျှပ်စစ်မီး အလှဆင်ခြင်းနှင့် လွိုင်ကော်လေဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါ် ခေါ်ယူ ဆောင်ရွက်ခြင်း မပြုသဖြင့် နိုင်ငံတော်ကရရှိမည့် အခွန်အခနှင့် နိုင်ငံတော်ငွေကြေး သက်သာခွင့်များ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေး တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းတွင် ဖေဖော်ဝါရီ  ၂၇ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်။

 

ထို့ပြင် အခြားသော စစ်ဆေးပေါ်ပေါက်ချက်များအရ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအတွက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၀၄၀ ဖြင့် တင်ဒါခေါ်ယူ ဝယ်ယူခဲ့သည့် ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရား ၁၈ စီး၏ ငှားရမ်းခ ရငွေများအား ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတွင် စက်ယန္တရား ငှားရမ်းခရငွေ ငွေကျပ် ၃၁၁ သန်းကျော်ထဲမှ ငွေကျပ် ၂၃၄ သန်းကျော်ကို ဌာနဆိုင်ရာ ငွေစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ၎င်း၏ အကျိုးစီးပွားအတွက် သုံးစွဲခဲ့ခြင်း၊ ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပသည့် အစိုးရမြေနေရာ (ကယားဒေးကွင်း) အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်းခွင့်ပြုခဲ့ခြင်းတို့နှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။ 

 

သတင်းစဉ်