ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် တောမီးကြောင့် ဒေသခံပြည်သူ ၂၅ဝဝဝ မီးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

လော့စ်အိန်ဂျလိစ် ၆ ဒီဇင်ဘာ  

 

ကယ်လီဖိုးနီးယားတောင်ပိုင်း အာဗင် စီးတီးအနီးတွင် တိုက်လေကြောင့် ဖြစ်ပွားသည့် တောမီးလောင်မှုကြောင့် ဒေသခံပြည်သူ ၂၅၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသမီးသတ်ကယ်ဆယ်ရေး အာဏာပိုင် အဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

 

ယခု ရက်သတ္တပတ်ကုန်ချိန်အထိ လေတိုက်နှုန်း ပြင်းထန်နိုင်မည်ဟု  ခန့်မှန်းထားကြောင်း အာရိန်းခရိုင် မီးသတ်အာဏာပိုင်အဖွဲ့က တွစ်တာပေါ်၌ ရေးသားဖော်ပြခဲ့သည်။ ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားသည့် တောမီးလောင်မှုတွင် မီးသတ်များ ငြိမ်းသတ်ရန် ကြိုးပမ်းရာမှ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း ဆေးရုံမှ ပြန်ဆင်းလာပြီ ဖြစ်ကြောင်း သိရသည်။

 

တောမီးလောင်မှုသည် ဒီဇင်ဘာ ၂ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် နေအိမ်တစ်လုံးမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်အရှိန်ကောင်းသည့် တိုက်လေကြောင့် မီးတောက်များ တစ်ညလုံး ကူးစက်တောက်လောင်ခဲ့ကြောင်း သိရသည်။ မီးတောက်များကို ငြိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ခန့် ရဟတ်ယာဉ်များဖြင့် ရောက်ရှိခဲ့ကြသည်။

 

တောမီးလောင်မှုများ ပိုမိုဆိုးရွား လာမည့်အခြေအနေကို ကြိုတင်ကာကွယ်တားဆီးသည့် အနေဖြင့် အဆိုပါဒေသ၌ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းတွင် တောမီးလောင်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြေဧကပေါင်း ၆၄၀၀ အထိ မီးလောင်ပျက်စီးသွားကြောင်း ဒေသ သတင်းရင်းမြစ်များက ဖော်ပြသည်။

 

ဆင်ဟွာ