လာအို ဖေဖော်ဝါရီ ၁၉
လာအိုနိုင်ငံက ဇန်နဝါရီလအတွင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၀၂ သန်း စံချိန်တင်ပိုငွေရရှိခဲ့ပြီး စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိကြောင်း သိရသည်။ လာအိုနိုင်ငံသည် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၈၈၆ သန်းကျော် တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကိုတင်ပို့ခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ သွင်းကုန်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၆၈၄ သန်းခန့်ရှိကာ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂၀၂ သန်းခန့်ရှိကြောင်း ပြည်တွင်းနေ့စဉ်ထုတ် ဗီယင်ကျန်းတိုင်းမ် သတင်းစာက ယနေ့ သတင်းဖော်ပြခဲ့သည်။
ယင်းသို့ ကုန်သွယ်မှုတန်ဖိုးငွေ တိုးတက်ကောင်းမွန်ခြင်းသည် နိုင်ငံ၏ ပိုမိုကောင်းမွန်သော စီးပွားရေးတည်ငြိမ်မှုနှင့် ငွေကြေးစီးဆင်းမှုကို မီးမောင်းထိုးပြလျက်ရှိသည်။ အလွိုင်းသတ္တုစပ်နှင့် ရွှေချောင်းများအပါအဝင် လျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းများသည် လာအိုနိုင်ငံ၏ ထိပ်တန်းပို့ကုန်ပစ္စည်းများဖြစ်ပြီး တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် နိုင်ငံ၏အဓိက ပို့ကုန်ဈေးကွက်များဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


