အောက်တိုဘာ ၃၀

လာအိုနိုင်ငံမြောက်ပိုင်း လွမ်ပရာဘန်းပြည်နယ်သို့  ယခုနှစ်ပထမကိုးလအတွင်း ခရီးသွား ၁၅၈၃၀၀၀ ခန့် ဝင်ရောက်ခဲ့ရာ ယခုနှစ်အတွင်း မျှော်မှန်းထားသောခရီးသွားဝင်ရောက်မှု ကိုးသိန်းထက် ကျော်လွန်မှု ရှိလာကြောင်း ဖော်ပြထားသည်။

အဆိုပါပြည်နယ်နှင့် ၎င်းပြည်နယ်မြို့တော်တို့တွင် ၂၀၂၄ ခုနှစ် လာအိုခရီးသွားနှစ်အတွင်း ခရီးသွား လုပ်ငန်း တိုးတက်မှုရှိလာကြောင်း လွမ်ပရာဘန်းမြို့တော်ဝန် Viengthong Hathsachanh ၏ ပြောကြားချက်ကို ကိုးကားပြီး လာအိုပတ္တနားပြည်တွင်းသတင်းဝက်ဘ်ဆိုက်တွင် ယမန်နေ့က ဖော်ပြထားသည်။

ထိုပြည်နယ်သို့ခရီးသွားလာရာတွင်လွယ်ကူချောမွေ့ခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ဒေသလူနေမှု ဘဝပုံစံများ ဆွဲဆောင်မှုရှိခြင်းနှင့် ဝန်ဆောင်မှုများတိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် ခရီးသွား ဝင်ရောက်မှု မြင့်မားလာသည်ဟု ၎င်းအနေဖြင့်ယူဆကြောင်းပြောကြားသည်။

၎င်းပြည်နယ်တွင် ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်းအရေအတွက် များပြားလာပြီး ရထားလမ်း ဝန်ဆောင်မှု ကောင်းမွန်လာသည်ဟု သိရသည်။

မြို့တော် ဗီယန်ကျင်း၏ မြောက်ဘက် ကီလိုမီတာ ၂၂၀ အကွာခန့်ရှိသော လွမ်ပရာဘန်းပြည်နယ်သည် လာအိုနိုင်ငံရှိ လူသိအများဆုံးပြည်နယ်များအနက်တစ်ခုဖြစ်ပြီး ကျေးလက်ရှုခင်းများ၊ ဆွဲဆောင်မှု ရှိသော သဘာဝအလှများနှင့် ရှေးဟောင်းဘုရားကျောင်းများရှိခြင်းကြောင့် ခရီးသွားလာရောက်မှု အများဆုံးဖြစ်သည်။ ထိုပြည်နယ်သည် ၁၉၉၅ ခုနှစ်က ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ခဲ့ပြီး တရားဝင်ခရီးသွားနေရာ ၂၂၈ နေရာရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို