လာအိုနိုင်ငံ၌ ၂၀၂၂ ခုနှစ် ပထမခြောက်လပတ်ကာလအတွင်း စိုက်ပျိုးရေးပို့ကုန် ကဏ္ဍတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ သန်း ၈၇၀ ကျော်ရရှိခဲ့

 

ဗီယန်ကျင်း ဇွန် ၂၁

 

လာအိုနိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်ကဏ္ဍ တစ်ခု တည်းကပင် ၂၀၂၂ ခုနှစ် နှစ်ဝက်ကာလအတွင်း အမေရိကန်ဒေါ်လာသန်း  ၈၇၀  ကျော် ရရှိခဲ့သဖြင့် ၂၀၂၂  ခုနှစ် တစ်နှစ်လုံးစာ ပို့ကုန်ရည်မှန်းချက်၏ ၇၂ ဒသမ ၅၇ ရာခိုင်နှုန်းအထိ ရောက်ရှိပြီဖြစ်သည်။

 

အဓိကအားဖြင့်  စိုက်ပျိုးမွေးမြူရေးကဏ္ဍ ထွက်ကုန်များဖြစ်သည့် ငှက်ပျော၊ ရော်ဘာ၊ ပီလော ပီနံ၊ ကြံနှင့် ကျွဲနွားများဖြစ်ပြီး တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။

 

လာအိုနိုင်ငံ၏ နဝမအကြိမ်မြောက် ဥပဒေပြုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အစိုးရအနေဖြင့် ပို့ကုန်ကဏ္ဍ  မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၌  ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူ စီးပွား ရေးလုပ်ငန်းရှင်များအား  တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း  စိုက်ပျိုးရေးနှင့်  သစ်တောဝန်ကြီး ပတ်ဖွန်ပီပတ်ခ်က  ပြောကြားခဲ့ကြောင်း ဗီယန်ကျင်း တိုင်းမ်သတင်းတွင် ဖော်ပြသည်။ အစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့် ပို့ကုန်ကဏ္ဍအတွက် စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား မြှင့်တင်ရေး စီမံချက်ကိုလည်း ပြည်တွင်းကုမ္ပဏီများအား မူဝါဒ ချမှတ်ပေးထားကြောင်း  ၎င်းက ထပ်လောင်းပြောကြားသည်။

 

လာအိုနိုင်ငံတွင် မွေးမြူရေးဇုန် ၂၀၀၀ ကျော် ရှိသည့်အနက် နွာမွေးမြူရေးခြံ ၆၅၅ ခု၊ ဝက်မွေးမြူ ရေးခြံ ၅၅၃ ခု၊ ကြက်မွေးမြူရေးခြံ ၇၇၁ ခု၊ သိုး၊ ဆိတ်နှင့် အခြားသောတိရစ္ဆာန်မွေးမြူရေးခြံများ ကိုလည်း ထူထောင်ထားရှိပြီး ဖြစ်သည်။

 

သို့သော်လည်း လက်ရှိကာလ၌ လာအိုနိုင်ငံရှိ တောင်သူများနှင့် ထုတ်လုပ်သူများအနေဖြင့် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကြောင့်  ထုတ်လုပ် မှုစရိတ်များ  ကြီးမြင့်လာသည့် အခြေအနေများကို ရင်ဆိုင်နေရသည့်အပြင် လယ်ယာသုံးစက်ကိရိယာ များ၊ ဓာတ်မြေဩဇာနှင့် တိရစ္ဆာန်အစာများကို ပြည်ပမှတင်သွင်းရာတွင် နိုင်ငံခြားငွေဖြင့် ပေးချေရမှုနှင့် ငွေတန်ဖိုးကျဆင်းနေမှုကြောင့် သွင်းအားစု ကုန်ကျစရိတ်ကြီးမြင့်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရသည်။

 

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် လာအို အစိုးရက အော်ဂဲနစ်ဓာတ်မြေဩဇာများ ပိုမိုသုံးစွဲ နိုင်ရေးနှင့် ပြည်တွင်း၌ တိရစ္ဆာန်အစာများ ပိုမို တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့်  သွင်းကုန်လျှော့ချရေး အစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည်။

 

လာအိုနိုင်ငံ  လယ်သမားများက  တစ်နှစ်လျှင် ဓာတ်မြေဩဇာတန်ချိန် နှစ်သန်းခန့် လိုအပ်နေပြီး လက်ရှိ  ပြည်တွင်း၌  အော်ဂဲနစ်မြေဩဇာတန်ချိန် ခြောက်သိန်းခန့်သာ ထုတ်လုပ်နိုင်သေးသည်။ ထို့အတူ တစ်နှစ်လျှင် တိရစ္ဆာန်အစာ  တန်ချိန် ခြောက်သိန်းလိုအပ်နေပြီး  လက်ရှိ လာအိုနိုင်ငံရှိ စက်ရုံခြောက်ခုမှ တန်ချိန် လေးသိန်းသာထုတ်လုပ် နိုင်သဖြင့် လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းသာ ဖူလုံမှု ရှိနေသည်။

 

သို့သော်လည်း လာအိုနိုင်ငံအနေဖြင့် စိုက်ပျိုး ရေးထွက်ကုန်များ  တင်ပို့နိုင်ရေးအတွက် အခွင့် အလမ်းများစွာ ရရှိနေပြီး တရုတ် - လာအို ရထား လမ်းကြောင်းမှတစ်ဆင့် သီးနှံထွက်ကုန်ပစ္စည်းများအား လျင်မြန်စွာ တင်ပို့ခြင်းဖြင့် ပို့ကုန်တိုးမြင့်လာပြီး နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမှုကြောင့် ပြည်တွင်းသုံးငွေကြေးတန်ဖိုးကို တည်ငြိမ်အောင်  ဆောင်ရွက် လျက်ရှိသည်။

 

လာအိုနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း စိုက်ပျိုးရေးပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရရှိခဲ့ပြီး  ပို့ကုန်ရည်မှန်းချက်၏ ၈၂ ရာခိုင်နှုန်းအထိ ပြည့်မီအောင်  ဆောင်ရွက်နိုင်ခဲ့သည်။

 

ဆင်ဟွာ