ဗီယင်ကျန်း နိုဝင်ဘာ ၂၅

 

လာအိုနိုင်ငံရှိ မြို့တစ်မြို့သို့ အလည်သွားရောက်ပြီးနောက် ကမ္ဘာလှည့်ခရီးသွား ခြောက်ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ အဆိုပါသေဆုံးသူများမှာ မက်သနောပါသော အရက်ကို သောက်သုံးခဲ့သည်ဟု သံသယရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 

၎င်းတို့သည် ခရီးသွားများအတွက် ဆွဲဆောင်ရာနေရာ တစ်ခုဖြစ်သော နိုင်ငံမြောက်ပိုင်း ဗန်ဗီးယင်းမြို့သို့ သွားရောက်ခဲ့ကြကြောင်း အေပီနှင့် အခြားသော သတင်းဌာနများက ဖော်ပြသည်။ ဩစတြေးလျအမျိုးသမီး နှစ်ဦးနှင့် ဗြိတိန်အမျိုးသမီးတစ်ဦးတို့သည် မက်သနောအဆိပ်သင့်မှု သံသယဖြင့် သေဆုံးခဲ့ကြောင်းနှင့် သုံးဦးမှာ မြို့ထဲတွင် အရက်သောက်သုံးခဲ့ကြကြောင်း သိရသည်။

 

ဩစတြေးလျ လူမျိုးများ တည်းခိုသော ဟိုတယ်ပိုင်ရှင်သည် လူပေါင်း ၁၀၀ ကျော်ကို ဒေသန္တရချက်အရက်ဖြင့် ဧည့်ခံခဲ့ကြောင်း ဒေသမီဒီယာက ပြောသည်။ အခြားကမ္ဘာလှည့်သုံးဦးမှာ အမေရိကန် အမျိုးသားတစ်ဦးနှင့် ဒိန်းမတ်အမျိုးသမီး နှစ်ဦးဖြစ်ပြီး သေဆုံးရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိပေ။ သို့သော်လည်း မက်သနောအဆိပ်သင့်မှု သံသယရှိသည်ဟု ဆိုသည်။

 

ဩစတြေးလျ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့သည် လာအိုနိုင်ငံတွင် အရက်သောက်သုံးပါက သတိထားကြရန် ၎င်းတို့၏ နိုင်ငံသားများကို သတိပေးထားသည်။

 

အင်န်အိတ်ချ်ကေ