ဗီယင်ကျန်း ဇန်နဝါရီ ၂၂

လာအိုနိုင်ငံ၌   သဘာဝဘေးအန္တရာယ်များကြောင့် ယမန်နှစ်အတွင်း နိုင်ငံသား ၂၇၁၁၆၈ဦး ထိခိုက်ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကစ် ၆ ထရီလီယံရှိခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း   ယမန်နှစ်က မုန်တိုင်းများတိုက်ခတ်ခြင်း၊ တောမီးလောင်ခြင်း၊     မိုးကြိုးပစ်ခြင်း၊  ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ငလျင်လှုပ်ခတ်ခြင်း တို့ကြောင့် ခရိုင် ၁၄၇ ခုရှိ ကျေးရွာ ၁၇၃၀ တွင်နေထိုင်သည့် အိမ်ထောင်စု ၅၈၇၅၃ စု ထိခိုက်ခဲ့ရသည်။

သဘာဝဘေးဆိုင်ရာဖြစ်စဉ်များအတွင်း   ၁၇ ဦး  သေဆုံးပြီး ၅၈ ဦး   ထိခိုက်ဒဏ်ရာရရှိကာ အိမ်ခြေအများအပြား ပျက်စီးခဲ့ကြောင်း  လာအိုတပ်မတော် ရုပ်မြင်သံကြားဌာနက ပြောကြား သည်။  ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအတွင်း အမျိုးသားအဝေးပြေး လမ်းမ ၃၂ခု၊ ပြည်နယ်အဆင့် အဝေးပြေးလမ်းမ ၄၆  ခု၊ ခရိုင် အဆင့် အဝေးပြေးလမ်းမ ၈၂ ခု၊ ကျေးလက်လမ်း ၁၉၅ ခု၊ တံတား ၃၁   စင်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင် သီးနှံစိုက်ပျိုးမြေ ၄၁၀၂၇ ဟက်တာအပါအဝင်   ကျွဲ၊ နွား တိရစ္ဆာန် ၄၃၄၉ ကောင်၊   စာသင် ကျောင်း ၁၂၆ကျောင်းနှင့် ကျန်းမာရေးစင်တာ ရှစ်ခုတို့ ထိခိုက် ပျက်စီးခဲ့သည်။  နိုင်ငံအတွင်းရှိ ဟူအက် ပန်၊ လောင်နန်သက်နှင့် လန်ပရာ ဗမ်ပြည်နယ်များတွင် သဘာဝဘေးများကြောင့် ထိခိုက်မှုအများအပြားဖြစ်ပွားခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည်။ လက်ရှိအချိန်တွင် အစိုးရက  ဗဟိုအဆင့် သဘာဝဘေးစီမံခန့်ခွဲရေးရန်ပုံငွေ တွင် ထပ်ဆောင်းရန်ပုံငွေ ထပ်တိုးအတည်ပြုခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီများ၏ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် အားပေးဆောင်ရွက်နေသည်။

ထို့ပြင်  သဘာဝဘေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုခန့်မှန်းရေး အဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးကြိုတင်ကာကွယ်ရေးစနစ်မြှင့်တင်ရေး ဆောင်ရွက်နေကြောင်းသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ