လာအိုနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၇၀ ထပ်မံတွေ့ရှိ

ဗီယင်ကျန်း နိုဝင်ဘာ  ၄

 

လာအိုနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၁၁၇၀ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ယင်းကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၇၀ အနက် ၁၁၆၅ ဦးသည် ပြည်တွင်း၌ ရောဂါ  ကူးစက်ခံခဲ့ရပြီး ကျန်ငါးဦးသည် ပြည်ပနိုင်ငံများမှ ပြန်လာသူများဖြစ်ကြောင်း လာအိုကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ အမျိုးသားဓာတ်ခွဲခန်းနှင့်  ရောဂါဗေဒဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဘောင်ဖန်ခမ်ဖဖောင်ဖန်က မြို့တော်ဗီယင်ကျန်းမြို့၌ ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့အပြင် လာအိုနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီ  အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာသုံးဦး ထပ်မံ သေဆုံးခဲ့သဖြင့် ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၇၆ ဦးရှိလာသည်။ ယနေ့က စစ်ဆေးတွေ့ရှိခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များအနက် ၅၉၁ ဦးကို မြို့တော် ဗီယင်ကျန်းတွင် စစ်ဆေးတွေ့ရှိခဲ့သည်။

 

လာအိုနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း ၄၄၀၆၁ ဦးရှိပြီး ယင်းတို့အနက် ၇၆ ဦးသည် ထိုရောဂါဖြင့် သေဆုံးခဲ့ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်နောက်ဆုံး  အချက်အလက်များအရ သိရသည်။ လာအိုနိုင်ငံတွင် ပထမဆုံးကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှစ်ဦး  ကို ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်က စစ်ဆေးတွေ့ရှိခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ