ဇူလိုင် ၉

လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမ ငါးလအတွင်း  နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၂ ဒသမ ၁ သန်းကျော် ရှိလာရာ နှစ်စဉ်ခရီးသွားဝင်ရောက်မှု ၄ ဒသမ ၄၆ သန်း၏ ၄၇ ရာခိုင်နှုန်းကိုရရှိခဲ့ပြီး ယခင်နှစ်ကခရီးသွားဝင်ရောက်မှုထက် ရှစ်ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

အဆိုပါခရီးသွားလုပ်ငန်းမှဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော် ရှိသည်ဟု သိရသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းသည်လည်း ကောင်းမွန်ပြီး ပြည်တွင်းခရီးစဉ် ၁ ဒသမ ၃ သန်း စံချိန်တင်ခဲ့ပြီး အမျိုးသားလွှတ်တော်မှသတ်မှတ်ထားသော နှစ်စဉ်ခရီးသွားလာမှု ၄ ဒသမ ၃ သန်း၏ ၃၀ ရာခိုင်နှုန်းကို ရောက်ရှိခဲ့သည်။

ထိုအစီရင်ခံစာတွင် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်စီမံခန့်ခွဲမှုတို့တွင် တိုးတက်မှုကို မီးမောင်းထိုးပြထားသည်။

ခရီးသွားဝန်ဆောင်မှု အရည်အသွေးကို မြှင့်တင်ရန်နှင့် ခရီးသွားဧည့်များ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ဆောင်ရွက်မှုများကို အစိုးရအဖွဲ့ကပိုမိုအရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

၂၀၂၆ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း  ပြည်တွင်းခရီးသွား ၂၁ သန်းနှင့် နိုင်ငံတကာခရီးသွား ၂၂ သန်းအပါအဝင် ခရီးသွား ၄၃ သန်းကျော်ကို ဆွဲဆောင်ရန် ရည်မှန်းထားသည်ဟု သိရသည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၄ ဒသမ ၅ သန်းကျော် လာရောက်လည်ပတ်ခဲ့ရာ ယခင်နှစ်က  နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၁၁ ရာခိုင်နှုန်းတိုးလာပြီး အစိုးရ၏မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့သည်။ ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှနိုင်ငံခြားခရီးသွားများ ဝင်ရောက်မှု အများဆုံးဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို