လာဘ်စားမှုနဲ့ ဗီယက်နမ် ရေနံလုပ်ငန်းအရာရှိတစ်ဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ထပ်မံချမှတ်ခံရ

ဟနွိုင်း ၅ ဖေဖော်ဝါရီ

နာမည်ကျော် ဗီယက်နမ်နိုင်ငံသား ရေနံလုပ်ငန်း အမှုဆောင်အရာရှိဟောင်းတစ်ဦးဟာ အမှုတစ်ခုနဲ့ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ် ခံရပါတယ်။ ဒါကဆိုရင် နှစ်ပတ်အတွင်းမှာ လာဘ်စားမှု၊ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ထပ်မံချမှတ်ခံခဲ့ရတယ်လို့ ဗီယက်နမ်မီဒီယာသတင်းများအရ သိရပါတယ်။

အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ထရင့်ဇန် ထန့် ကို စစ်အေးခေတ်တုန်းကလို ဗီယက်နမ်အေးဂျင့်တွေက ဂျာမဏီနိုင်ငံ ဘာလင်မြို့က ပန်းခြံတစ်ခုနားမှာ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

(PetroVietnam -PV Power Land) ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ အလွဲသုံးစားပြုလုပ်မှုနဲ့  ထန့် ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချလိုက်ကြောင်း ဗီယက်နမ်သတင်းဌာနတွေမှာ ရေးသားထားပါတယ်။  ထန့် ဟာ PetroVietnam ဆောက်လုပ်ရေးရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်ပါတယ်။

PV Power Land နဲ့ PV Construction ကုမ္ပဏီနှစ်ခုလုံးဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ အကြီးဆုံးစွမ်းအင် ကုမ္ပဏီတွေအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအုပ်စု PetroVietnam ရဲ့ လုပ်ငန်းခွဲတွေ ဖြစ်ပါတယ်။

PetroVietnam ကိစ္စဟာ အာဏာရကွန်မြူနစ်ပါတီရဲ့ ဗီယက်နမ်နိုင်ငံတစ်ဝှမ်း လာဘ်စားမှု တိုက်ဖျက်ရေးမှာ အဓိကအခန်းက ပါဝင်နေခဲ့ပါတယ်။

PetroVietnam စွမ်းအင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဗီယက်နမ် အဆင့်မြင့် နိုင်ငံရေးသမား ဒင်လထန် ပါဝင်နေတဲ့ သီးခြားလာဘ်စားမှုမှာ ဥပဒေ ချိုးဖောက်မှုနဲ့ အလွဲသုံးစားမှုတွေအတွက် ထန့် ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဟနွိုင်းတရားရုံးကနေ နောက်ထပ် စွမ်းအင်အရာရှိ ဒင်မင်းထန် ကိုလည်း အလွဲသုံးစားမှုနဲ့ ထောင်ဒဏ် ၉ နှစ်ချလိုက်ပါတယ်။ ဒင်မင်းထန်ဟာ ဗီယက်နမ် အဆင့်မြင့် နိုင်ငံရေးသမား ဒင်လထန် နဲ့ ညီအကို တော်စပ်သူဖြစ်ပါတယ်။

နောက်ထပ် တရားစွဲခံထားရသူ ခြောက်ဦးဟာလည်း ထောင်ဒဏ် ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ အသီးသီး ချမှတ်ခံခဲ့ရတယ်လို့ ဗီယက်နမ်သတင်းဌာနသတင်းများအရ သိရပါတယ်။

ဘာသာပြန်> မိုးမမ
ကိုးကား> ရိုက်တာ