လားဟူတိုင်းရင်းသားများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး သင်တန်းဖွင့်လှစ်သင်ကြား

တာချီလိတ်  ၁၇  မေ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန်၊ မျိုးစေ့အပါအဝင် သွင်းအားစုများ စရိတ်သက်သာပြီး အထွက်နှုန်းနှင့် အရည်အသွေးတိုးတက်စေမည့် နည်းစနစ်များ ပြောင်းလဲကျင့်သုံး ဆောင်ရွက်တတ်လာစေရေး ရည်ရွယ်ကာ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်ဖုန်းလုံကျေးရွာနှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံလားဟူ တိုင်းရင်းသား တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းအား မေ ၁၆ ရက်  နံနက်က ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။


သင်တန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ရာသီဥတုပြောင်းလဲခြင်းနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များအပေါ် စိန်ခေါ်မှုများနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် နည်းစနစ်များ၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းနည်းစနစ်များ၊ ခရိုင်သီးနှံကာကွယ်ရေး(တာဝန်ခံ) ဦးခင်မောင်ထူး က Fall Army worm (FAW) ငမြှောင်တောင်ပိုး အကြောင်းသိကောင်းစရာများနှင့် ကာကွယ်နှိမ်နှင်းနည်းများ ၊ မြေအသုံးချရေး(တာဝန်ခံ) ဒေါ်မြဥမ္မာ က မြေ ချဉ်/ငံ သဘောတရားများနှင့် လက်တွေ့တိုင်းတာခြင်း နည်းပညာများနှင့် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများ၊ ဒုတိယဦးစီးမှူး ဦးလွှမ်းမိုးသူက စပါးအထွက်တိုးစေမည့် အင်္ဂါရပ်များနှင့် သဘောတရားများ ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP)နှင့် လိုက်နာဆောင်ရွက် ရမည့်နည်းလမ်းများ၊ လက်ထောက်ဦးစီးမှူး ဒေါ်မေရီထွန်း က တောင်သူများ တနိုင်တပိုင် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း နည်းပညာများကို အသီးသီး စာတွေ့လက်တွေ့ သင်တန်းပို့ချ ပေးသည်။


အသိပညာပေးသင်တန်းသို့ ဒေသခံလားဟူတိုင်းရင်းသားတောင်သူ ၇၀ ကျော် တက်ရောက်ကြပြီး၊ တိုင်းရင်းသားများက စိုက်ပျိုးရေးဆိုင်ရာသိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကာ တောင်သူပညာပေး လက်ကမ်းစာစောင်များ ၊ ပိုးသတ်ဆေးများ ၊ Fall Army worm (FAW) ငမြှောင်တောင်ပိုးအား ကာကွယ်နှိမ်နှင်းရန် ၊ မျိုးစေ့များနှင့် အပင်အားဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ဝေယံလင်း(ပြန်/ဆက်)