လာမည့် တနင်္ဂနွေနေ့တွင် အထူးအစီအစဉ်ဖြင့် ကနဦး လူ ၃၀၀ ကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်ပေးမည်ဟု စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကြေညာ

ရန်ကုန် ဇွန် ၂၁

 
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စာရင်းပေးသူဦးရေ (၉၀၀)ကျော်ရှိသည့်အတွက် ကနဦး စာရင်းပေးသူ(၃၀၀)ဦးကို လာမည့်တနင်္ဂနွေနေ့တွင် အထူးအစီစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားသည်။

 

လာမည့် တနင်္ဂနွေနေ့ဖြစ်သည့် ဇွန်လ ၂၃ ရက်၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည့် လူ (၃၀၀) ဦး၏ အမည်နှင့်အချိန်ကိုလည်း သံရုံး၏ အင်တာနက်စာမျက်နှာတွင် အသိပေးကြေညာ ထားပြီး သက်တမ်းတိုး လာရောက်ဆောင်ရွက်မည့်သူများအနေဖြင့် သတ်မှတ်အချိန်များအတိုင်း လာရောက်ပေးပါရန် မေတ္တာရပ်ခံထားသည်။

 

ကျန်ရှိသည့် (၆၀၀)ဦးအား သက်တမ်းတိုးဆောင်ရွက်ပေးမည့် နေ့ရက်ကို သံရုံး၏ အင်တာနက် စာမျက်နှာတွင်  ဇွန် ၂၆ ရက်နေ့၌ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း သံရုံးက အသိပေး ထားသည်။

မြန်မာသံရုံးအနေဖြင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား (စင်ကာပူမြို့အနေဖြင့် စင်ကာပူနိုင်ငံ ရောက်မြန်မာနိုင်ငံသား (၁၂၀)ခန့်ကို နေ့စဉ် online appointment စနစ် (၇၅)ဦးခန့်နှင့် Whatsapp appointment စနစ်(၄၅) ဦးခန့်တို့ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သံရုံးက ထုတ်ပြန်အသိပေးထားခဲ့သည်။



သံရုံး website မှ online appointment ရယူရန် အခက်အခဲနှင့် အလုပ်ချိန်အားလပ်ရက် အခြေအနေများကြောင့် စင်ကာပူနိုင်ငံ၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စောင့်ဆိုင်းနေရသည့် မြန်မာနိုင်ငံသား အများအပြားရှိနေကြောင်း ကြားသိရသည်ဟုလည်း သံရုံးက ပြောထားသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများကို အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူမြို၊ မြန်မာသံရုံးမှအနေဖြင့် အစိုးရရုံးပိတ်ရက်ဖြစ်သော ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ရက် (တနဂ်နွေနေ့)တွင် မြန်မာနိုင်ငံသား ၂၀ဝ ဦးခန့် နိုင်ငံကူးလက်မှတ် ကုန်ဆုံးရက် (၂၀၂၅ သြဂုတ်လ ၃၁ ရက်အထိ)၏ နိုင်ငံကူးလက်မှတ်များကို သက်တမ်း တိုးခြင်း အထူးအစီဖြင့် လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ နိုင်ငံကူးလက်မှတ်များကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်(၁နာရီမှ ၃နာရီအတွင်း)၌ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မေလ ၃၁ ရက်က ကြေညာထားခဲ့သေးသည်။

MT