လာမည့်နှစ်မှာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားကြပါစို့

သတင်းဆောင်းပါး- ခင်မောင်ထွေး၊ ဓာတ်ပုံ- ကိုကိုစိုးညွန့် /ဇော်မင်းလတ်

 

ရန်ကုန်မြို့ပတ်ရထားပေါ်ရောက် နိုင်ငံခြားသားတစ်ယောက်၊ စာအုပ်တစ်အုပ်။ သူဘယ်နိုင်ငံသားလဲဆိုတာတော့ ကျွန်တော်မသိ။ သေချာတာကတော့ ဥရောပတိုက်သားတစ်ဦး ဖြစ်လိမ့်မည်။ သို့သော် ကိစ္စမရှိ။ ကျွန်တော်သူ့ကို စိတ်ဝင်စား နေတာက သူ့လက်ထဲမှစာအုပ်ကို မြို့ပတ်ရထားစထွက်ကတည်းက ရန်ကုန်ဘူတာကြီးရောက်လုနီးအထိ မျက်နှာမခွာဘဲ ဖတ်နေသည့် သူ့သဏ္ဌာန်။


ရန်ကုန်မြို့ပတ် ရထားကြီးက ဂျုံးဂျုံးဂျက်ဂျက်။ ကျွန်တော်ကလည်း သူ့ကိုအားကျစိတ်ဖြင့်ကြည့်ရင်း တစ်ချက်တစ်ချက် တွေးလိုက်၊ ငေးလိုက်။ “ဪ၊ သူတို့ အနောက်နိုင်ငံသားတွေ နိုင်ငံအလိုက်၊ တစ်ဦးချင်းအလိုက် ကြီးပွားတိုးတက်နေကြတဲ့ အဓိကသော့ချက်က စာဖတ်လို့ပဲ။ စာဖတ်ဝါသနာပါအောင်လည်း ငယ်စဉ်ကလေးဘ၀ မူလတန်းကျောင်းသား အရွယ်ကတည်းက ဆရာ ဆရာမတွေက စာကြည့်တိုက်သွားတတ်အောင်၊ စာကြည့်တိုက်ကို အသုံးပြုတတ်အောင်၊ စာကြည့်တိုက် ယဉ်ကျေးမှုနဲ့ လက်ပွန်းတတီး ယဉ်ပါးထိတွေ့နိုင်အောင် သင်ခန်းစာထဲမှာ ကိုးကားအပုဒ်တွေထည့်ပြီး၊ စာကြည့်တိုက်ကို ကိုယ်တိုင်သွားရောက်စေပြီး လိုအပ်တဲ့ စာအုပ်စာပေတွေကို ရှာဖွေကိုးကားစေပါလား”

 

၆+


ဖွံ့ဖြိုးပြီး နိုင်ငံတိုင်းလိုလို၊ ထင်ရှားကျော်ကြားလှသော ကမ္ဘာ့တက္ကသိုလ်တိုင်းလိုလို၏ နောက်ကွယ်တွင် အထင်ကရ စာကြည့်တိုက်ကြီးများ ရှိနေပါသည်။


“ဂျုံးဂျုံးဂျက်ဂျက်၊ ဂျုံးဂျုံးဂျက်ဂျက်”

မြို့ပတ်ရထား၏ စည်းချက်နှင့်အတူ မြင်ကွင်းတို့ ကလည်းတဖျတ်ဖျတ်။ ဂျပန်နိုင်ငံ၏ လွှတ်တော်စာကြည့်တိုက်။ ၂၀၁၂ ခုနှစ် မေလက နိုင်ငံတော်အဆင့် အကြီးအကဲတစ်ဦး၏ ဂျပန်နိုင်ငံခရီးစဉ်တွင် Media Cover တာဝန်ထမ်းဆောင်ရင်း ကျွန်တော် လေ့လာခွင့်ရခဲ့သည့် မြင်ကွင်းများ ပြန်မြင်ယောင်လာသည်။


ဂျပန်နိုင်ငံ လွှတ်တော်စာကြည့်တိုက်ကို ၁၉၄၈ ခုနှစ် က ဖွင့်လှစ်ခဲ့ပြီး ပစ္စက္ခတွင် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များအနက် တစ်ခုအပါအဝင် ဖြစ်လာသည်။ သန်းနှင့်ချီသော စာအုပ်များ၊ လွှတ်တော်အစည်းအဝေးဆိုင်ရာ မှတ်တမ်းမှတ်ရာများ၊ နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များနှင့် ထုတ်ပြန်ထားသော ဥပဒေဆိုင်ရာ မှတ်တမ်းမှတ်ရာများကို ထိန်းသိမ်းထားသည်။ ထူးခြားချက်က ၁၉၄၂ ခုနှစ် ပထမအကြိမ် လွှတ်တော်အစည်းအဝေးမှစ၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များကို ထိန်းသိမ်းထားရှိခြင်းပင်။ သိရှိလိုသည့် အကြောင်းအရာတစ်ခု၏ ရက်စွဲကို ခလုတ်နှိပ်လိုက်သည်နှင့် မှတ်တမ်းမှတ်ရာ အချက်အလက်များအား ချက်ချင်းသိရှိနိုင်ရန် အီလက်ထရောနစ်စနစ်ဖြင့် ချိတ်ဆက်ထားသည်။ ဂျပန်နိုင်ငံလွှတ်တော် စာကြည့်တိုက်သည် နိုင်ငံပိုင် စာကြည့် တိုက်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များသာမက ပြည်သူများပါ နေ့စဉ်လာရောက် ဖတ်ရှုလေ့လာကြသည်ဟု တာဝန်ရှိသူက ဆိုပါသည်။

 

၃+


နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာကြည့်တိုက်များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ စာကြည့်တိုက်များအနက် အမျိုးသားစာကြည့်တိုက်များသည်လည်း ထိပ်ဆုံးက ရပ်တည်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ဒြပ်နှင့် ပြယုဂ်တစ်ခုလည်းဖြစ်သည်။


မြန်မာနိုင်ငံတွင်လည်း စာကြည့်တိုက်ယဉ်ကျေးမှု ပိုမိုထွန်းကားပြန့်ပွားလာစေရန် လက်ရှိ နိုင်ငံတော်အစိုးရက ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်နေရ၏။ ပမာဆိုရလျှင် ပြည်သူများအဓိက လေ့လာဖတ်ရှုသည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)။


မှတ်မိကြပါလိမ့်မည်။ လက်ရှိနိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏အာဏာကို လွှဲပြောင်းလက်ခံရယူပြီး လပိုင်း အနည်းငယ် အတွင်းမှာပင် ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော် (ယခုနိုင်ငံတော်သမ္မတဟောင်း) ဦးစီး၍ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ပြည်သူများအလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် ရန်ကုန်မြို့လယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမကြီး သီရိမင်္ဂလာရိပ်သာလမ်း အမှတ်၊ ၈၅ (က)တွင် မူလဖွင့်လှစ်ထားရှိသော အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို အများပြည်သူ အလွယ်တကူ သွားလာအသုံးပြုနိုင်မည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် (၆၀၄/၆၀၈)ကုန်သည်လမ်းရှိ အဆောက်အအုံသို့ ပြောင်းရွှေ့အသုံးပြုခွင့်ပြုလိုက်သည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် စာအုပ်စာတမ်းပေါင်း ၁၇၂၅၅၆၊ စာနယ်ဇင်းပေါင်း ၄၃၅၅၈၀ ကျော်၊ ပေပုရပိုက် ၁၂၃၂၃၊ လက်ရေးစာ ၃၄၅ ၊ ရှားပါးစာစု ၂၅၄၆၈ နှင့် အခြားစာစုများကို စုဆောင်းထားရှိပြီး ပြည်သူများအား စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းစသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာ အချက်အလက်များအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးလျက် ရှိသည်။

 

၂+


၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဘားနဒ် အခလွတ်စာကြည့်တိုက်ကို လွှဲပြောင်းလက်ခံ ခဲ့ပြီး ၁၉၅၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတော် စာကြည့်တိုက်အမည်ဖြင့် ရန်ကုန်မြို့ ဂျူဗလီဟောတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမျိုးသား စာကြည့်တိုက် ဟု အမည်ပြောင်းလဲခဲ့ပြီး ပန်းဆိုးတန်းလမ်းရှိ အဆောက်အအုံ၊ ရန်ကုန်မြို့တော်ခန်းမ၊ ကမ်းနားလမ်း ခြောက်ထပ်ရုံး၊ တာမွေမြို့နယ်အရှေ့ မြင်းပြိုင်ကွင်းလမ်းနှင့် လေးဒေါင့်ကန်လမ်းရှိ အဆောက်အအုံများသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် တာမွေမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် အဆောက်အအုံ ပျက်စီးသွားသဖြင့် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအမှတ်၊ ၈၅(က) သီရိမင်္ဂလာရိပ်သာ လမ်းရှိ ယခင်သစ်တောရေးရာ ဝန်ကြီးဌာနရုံး အဆောက် အအုံဟောင်းနှစ်ခုတွင် ဖွင့်လှစ်ထားရှိခြင်း ဖြစ်သည်။


သို့မို့ကြောင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို အများပြည်သူအသုံးပြုနိုင်ရန် ရန်ကုန်မြို့လယ်သို့ ပြန်ပို့ရန်၊ ပြည်သူလူထု အတွက် အဆင်ပြေမည့် ရန်ကုန် မြို့လယ်ရှိအဆောက်အအုံတစ်ခု စီစဉ်ပေးရန် ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံ စာကြည့် တိုက်အသင်း နာယကဆရာကြီး ဦးသော်ကောင်းက မေလ ၁၂ ရက်နေ့တွင် စာတစ်စောင်ပေးပို့၍ မေတ္တာ ရပ်ခံခဲ့ကြောင်း သိရသည်။


အလားတူ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးတို့ကလည်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ရန်ကုန်မြို့လယ်ရှိ သင့်လျော်သည့် အဆောက်အအုံတစ်ခုခု အသုံးပြုနိုင်ရေးနှင့် ပတ်သက်၍ မေလ ၆ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတထံ စာရေးသားပေးပို့ တင်ပြခဲ့ကြ၏။


အဆိုပါစာတွင် လက်ရှိဖွင့်လှစ်ထားရှိသော စာကြည့်တိုက်အဆောက်အအုံသည် အများပြည်သူ၏ မြင်ကွင်းနှင့်ဝေးသော သီးခြား ဝင်းအတွင်းနေရာ၌ ရှိသဖြင့် ပြည်သူများ အလွယ်တကူ လာရောက်ဖတ်ရှုရန် ခက်ခဲသောကြောင့် သုတေသီများမှလွဲ၍ အများပြည်သူလာရောက် ဖတ်ရှုမှု နည်းကြောင်း၊ ထို့ပြင် ရုံးအဆောက်အအုံဖွဲ့စည်းမှု ဖြစ်သဖြင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ အမျိုးသားစာကြည့်တိုက် ပြယုဂ်နှင့် ကိုက်ညီမှုမရှိခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း။


နိုင်ငံတကာတွင် အမျိုးသား စာကြည့်တိုက်များသည် ပြည်သူလူထု အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် နေရာများတွင် တည်ရှိကြပြီး နိုင်ငံတော်၏ စာပေအမွေအနှစ်များကို ထိန်းသိမ်းရာနှင့် အများပြည်သူ သုတေသနပြုနိုင်သော ဂုဏ်ယူစရာ ပြယုဂ်အဖြစ် တည်ရှိလျက်ရှိကြောင်း၊ အများပြည်သူ အလွယ်တကူ သွားလာအသုံးပြုနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)ကို ရန်ကုန်မြို့လယ်တွင် ပေါ်ပေါက်လာရန်အတွက် သင့်လျော်မည့် ရန်ကုန်မြို့လယ်ရှိ အဆောက်အအုံ တစ်ခုခု အသုံးပြုခွင့် နှင့်ပတ်သက်၍ လမ်းညွှန်မှုပြုပါရန် လေးစားစွာတင်ပြ အပ်ပါကြောင်း ဖော်ပြပါရှိသည်။


၂၀၁၉ နိုဝင်ဘာလ ၂၇ ရက်နေ့။

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရောက်ရှိပြီး စာကြည့်တိုက် အဆောက်အအုံ ပြင်ဆင် မွမ်းမံဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည့် မြင်ကွင်း။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အား နိုင်ငံသူ နိုင်ငံသား လူတန်းစား အလွှာအသီးသီး အသုံးချနိုင်ရေးအတွက် ဦးတည်၍ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်ကို အများပြည်သူ အလွယ်တကူ သွားလာနိုင်သော ရန်ကုန်မြို့လယ်နေရာကို ရွေးချယ်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အများပြည်သူ အကြားအမြင်၊ ဗဟုသုတ၊ အတွေးအခေါ်များ မြင့်မားလာစေခြင်း ဖြင့် နိုင်ငံတော်အတွက်လည်း အကျိုးရှိလာမည် ဖြစ်ပါ ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရန်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တင်ဒါအောင်မြင် သည့် ကုမ္ပဏီများကိုစနစ်တကျ ကြီးကြပ်ဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း၊ ငွေကြေးကုန်ကျသလောက် အကျိုးဖြစ်ထွန်းစေလိုပါကြောင်း။

 

၂++


အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို စာကြည့်တိုက် အင်္ဂါရပ်နှင့်လျော်ညီအောင် ဆောင်ရွက်ထားသည့်အပြင် ခေတ်မီအောင် တည်ဆောက်ထားသည်ကိုလည်း တွေ့ရပါကြောင်း၊ သတ်မှတ်သည့်ကာလအတွင်း အချိန်မီပြီးစီးအောင် အထူးဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ တာဝန်ရှိသူအားလုံးက တိုင်းပြည်အပေါ် စေတနာထားပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။


လက်ရှိကာလတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် စာကြည့်တိုက် သုံးပရိဘောဂများ၊ စက်ပစ္စည်းများ အားသတ်မှတ်နေရာများတွင် ထည့်သွင်းတပ်ဆင်ခြင်း၊ နေရာချထားခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ဖြစ်သည်ကို တွေ့ရပါသည်။ ထို့ပြင် e-Library နှင့် ဆက်စပ်လုပ်ငန်းများအား System တစ်ခုလုံး လည်ပတ် နိုင်ရေးအတွက် Management System ပိုင်းအား အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း၊ Data Entry သွင်းခြင်း၊ e-Book(PDF) များကို System တွင် ချိတ်ဆက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိခဲ့ရပါသည်။ ထို့အပြင် ရှားပါးစာအုပ် စာနယ်ဇင်း ၄၂၃၈၃ အုပ်/စောင်၊ စာအုပ်စာနယ်ဇင်း ၃၈၀၈၃ အုပ်/စောင်၊ ပေစာ ၂၄၆၇ ထုပ်တို့ကို ရွှေ့ပြောင်း ထားရှိပြီး ကျန်ရှိသော စာပေပစ္စည်းများ ဆက်လက်ပြောင်းရွှေ့လျက်ရှိပါသည်။ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။


စာဖတ်ခြင်းအလေ့အထကို အလေးထားသည့် နိုင်ငံများတွင် စာကြည့်တိုက်များသည် နိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်လေရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သည်လည်း မိမိတို့ မြန်မာနိုင်ငံ၏ ပြယုဂ်တစ်ခုအဖြစ် မကြာမီ ပေါ်ထွန်းလာတော့မည် ဖြစ်ပါသည်။


ယဉ်ကျေးသော တိုင်းပြည်များတွင် စာကြည့်တိုက်ပေါင်းများစွာကို တွေ့ရတတ်သည်။ ကျွန်တော့်ရှေ့က မြို့ပတ်ရထားပေါ် ရောက် နိုင်ငံခြားသားတစ်ယောက်၏ စာဖတ်ခြင်း အနုပညာပုံရိပ်ကလည်း သူ့မိခင်နိုင်ငံ၏ ပုံရိပ်တစ်ခု၊ သင်္ကေတတစ်ခု။ သူသည် ရောက်လေရာနေရာတွင် အေးဆေးငြိမ်သက်စွာ စာဖတ်နေခြင်းဖြင့် ကမ္ဘာကြီး၏ ပြတင်းတံခါးကို အစဉ်ထာဝရ တွန်းဖွင့်နေခြင်းမည်ပေ၏။

 

ကျွန်တော်တို့သည်လည်း စာဖတ်ဖို့လိုပါသည်။