ရန်ကုန် မေ ၂၇

၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းသစ်အချို့ ထပ်တိုးလာမည်ဖြစ်ပြီး ရတနာပုံအသင်းမှာမူ အမျိုးသမီးအသင်းဖွဲ့စည်းကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

လာမည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းသစ်တစ်သင်းမှ နှစ်သင်းအထိ တိုးလာဖွယ်ရှိနေပြီး ရတနာပုံအသင်းမှာမူ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ပြီးခဲ့သည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်း ကိုးသင်းယှဉ်ပြိုင်ခဲ့ပြီးယင်းအသင်းအများစု ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အသင်းသစ်အချို့ ထပ်တိုးလာမည် ဖြစ်သောကြောင့် လာမည့်ရာသီတွင် ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၀ သင်းဝန်းကျင်ရှိလာဖွယ် ရှိနေသည်။ လာမည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဇွန်လလယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများနှင့် ပွဲစဉ်ဇယားကို ယခုလကုန်ပိုင်းတွင် အတည်ပြုဖွယ် ရှိနေသည်။

ရတနာပုံအသင်း၏ ပြီးခဲ့သည့်ရက်ပိုင်းက တရားဝင်သတင်းထုတ်ပြန်မှုအရ အမျိုးသမီးအသင်း ဖွဲ့စည်းမည့်အကြောင်းနှင့် အုပ်ချုပ်/နည်းပြနှင့်  ကစားသမားစာရင်းကို  မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး မြဝတီအသင်းနှင့်   အား/ကာသိပ္ပံအသင်းက   သုံးကြိမ်စီ၊ ဧရာဝတီအသင်းက တစ်ကြိမ် ဗိုလ်စွဲထားကာ ဧရာဝတီအသင်းက လက်ရှိချန်ပီယံအသင်းလည်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - စိုးညွန့်သော်