နည်းပြ အာနက်စ်တို ဗယ်လ်ဗာဒီသည် လာမည့်ရာသီတွင် ဘီလ်ဘာအိုအသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း မတ် ၂၀ ရက်က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

ထိုကဲ့သို့ ဆုံးဖြတ်ရာတွင် အချိန်ကာလတစ်ခုကြာ စဉ်းစားခဲ့ရကြောင်း၊ ကလပ်အသင်းနှင့်လည်း ဆွေးနွေးထားပြီးဖြစ်ကြောင်း ဗယ်လ်ဗာဒီက ပြောသည်။ အဆိုပါ ဆုံးဖြတ်ချက်မှာ အသက် ၆၂ နှစ်အရွယ် ဗယ်လ်ဗာဒီအတွက် တတိယမြောက်နှင့် အအောင်မြင်ဆုံး နည်းပြသက်တမ်းတစ်ခုကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်။

၎င်းသည် ဘီလ်ဘာအိုအသင်း နှစ်ပေါင်း ၄၀ ကြာ မျှော်လင့်စောင့်စားနေသည့် ကိုပါဒယ်ရေးဖလားကို ၂၀၂၄ ခုနှစ်တွင် ဆွတ်ခူးပေးနိုင်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ဘီလ်ဘာအိုအသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးထားနိုင်သည်။

ဗယ်လ်ဗာဒီ၏ ဘီလ်ဘာအိုအသင်းသည် ယခုနှစ်ရာသီ လာလီဂါ ၂၈ ပွဲကစားပြီးချိန်တွင် ရှုံးပွဲ ၁၃ ပွဲအထိ ရှိလာပြီဖြစ်သည်။ ဘီလ်ဘာအိုအသင်းသည် ယမန်နှစ်က လာလီဂါ ၃၈ ပွဲကစားပြီးချိန်တွင် ရှုံးပွဲ ခြောက်ပွဲသာရှိထားသည်။ 

မိုးဇက် - စုစည်းရေးသားသည်