လာမည့်ရက်များအတွင်း မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းမည်

နေပြည်တော် ၄ စက်တင်ဘာ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေမြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းမည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

MDN