လာမည့်ရက်များအတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်

နေပြည်တော် ၂၂ ဇူလိုင်


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကရင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပိုင်ကျုံမြို့တွင် (၄.၉၂)လက်မ၊ ပေါင်မြို့တွင် (၃.၈၆)လက်မ၊ ဘားအံ (စိုက်ပျိုးရေးမိုးလေ ဝသ)တွင် (၃.၄၆)လက်မ၊ ခန္တီးမြို့တွင် (၃.၂၇)လက်မ၊ ရှမ်းရွာသစ်မြို့တွင် (၂.၉၄)လက်မ၊ မိုးကုတ်မြို့တွင် (၂.၇၅)လက်မ၊ မှော်ဘီ (စိုက်ပျိုးရေး မိုးလေဝသ)နှင့် လှိုင်းဘွဲ့မြို့တို့တွင် (၂.၆၀)လက်မစီ၊ ဖာပွန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် (၂.၅၆)လက်မစီ၊ ဗန်းမော်မြို့တွင် (၂.၄၀)လက်မ၊ သိမ်ဇရပ်မြို့တွင် (၂.၁၃)လက်မ၊ မအူပင်မြို့နှင့် ဘီးလင်းမြို့တို့တွင် (၂.ဝ၅)လက်မစီ၊ ပူတာအိုမြို့နှင့် သထုံမြို့တို့တွင် (၁.၈၅)လက်မစီ၊ သီပေါမြို့တွင် (၁.၇၄)လက်မ၊ ချောင်းဆုံမြို့တွင် (၁.၆၅)လက်မ၊ ကိုကိုးကျွန်းမြို့တွင် (၁.၅၈)လက်မနှင့် ပေါက်မြို့နှင့် မုဒုံမြို့တို့တွင် (၁.၅၄) လက်မစီတို့ ဖြစ်ကြသည်။


ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေသည်။


မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။


မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်သည်။


နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်။


မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။


MDN