ရန်ကုန် မတ် ၃
ONE Championship အဖွဲ့အစည်းက လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် ပြိုင်ပွဲများတွင် မြန်မာဖိုက်တာ သုံးဦး၏တွဲဆိုင်းများ ပါဝင်လာမည်ဖြစ်သည်။ မတ် ၇ ရက်တွင်ကျင်းပမည့် ONE Friday Fights 99 ပြိုင်ပွဲတွင် မြန်မာဖိုက်တာသက်လွင်အောင်၏ တွဲဆိုင်းပါဝင်မည်ဖြစ်သည်။ သက်လွင်အောင်သည် ONE နှင့် ပွဲဦးထွက်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး ဂျပန်ဖိုက်တာ ဟာရူယူကီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။
ဟာရူယူကီသည် ONE နှင့် သုံးပွဲထိုးသတ်ရာတွင် သုံးပွဲစလုံး အနိုင်ရထားပြီး နောက်ဆုံးနှစ်ပွဲကို အလဲထိုးအနိုင်ရထားသဖြင့် သက်လွင်အောင်၏ ပွဲဦးထွက်ပွဲမှာ ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်။
မြန်မာဖိုက်တာ စိုးလင်းဦး၏ တွဲဆိုင်းမှာမူ မတ် ၈ ရက် မြန်မာ စံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပမည့် ONE Fight Night 29 ပြိုင်ပွဲ တွင် ပါဝင်လာမည်ဖြစ်သည်။ စိုးလင်းဦးသည် ရုရှားဖိုက်တာ ဒီမီထရီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ONE နှင့် ခြောက်ပွဲမြောက် ထိုးသတ်ရမည်ဖြစ်သည်။ စိုးလင်းဦးသည် ပထမသုံးပွဲ ဆက်တိုက်အနိုင်ရထားသော်လည်း ONE နှင့် စာချုပ်ရပြီးကတည်းက နှစ်ပွဲဆက်တိုက် အရေးနိမ့်ထားသည်။ ဒီမီထရီသည် ONE နှင့် သုံးပွဲထိုးသတ်ထားရာတွင် နှစ်ပွဲနိုင်တစ်ပွဲရှုံးနိမ့်ထားသည်။
မတ် ၁၄ ရက်တွင် ကျင်းပ မည့် ONE Friday Fights 100 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းပွဲ ပါဝင်လာမည်ဖြစ်ပြီး ထိုင်းဖိုက်တာ ဆန်ဂါသစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ယခုပွဲကို ကစ်ဘောင်ဆင်စည်းမျဉ်းဖြင့် ထိုးသတ်ရမည်ဖြစ်ပြီး ဆန်ဂါသစ်အတွက် ONE နှင့် ပွဲဦးထွက်ပွဲ လည်းဖြစ်သည်။ စူပါရေချမ်းသည် ပြီးခဲ့သည့်နှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး နောက်ဆုံးပွဲ တွင် ထိုင်းဖိုက်တာကို ပထမအချီမှာပင် အလဲထိုးအနိုင်ရထားသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ONE Championship