လားရှိုးမြို့၌ အမြင်အာရုံ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

လားရှိုး ၁၈ ဇွန်


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် ဗျူဟာလမ်းရှိ အောင်မြင်သူခန်းမ၌ ဇွန်လ(၁၈)ရက် နံနက် ၁၀ နာရီအချိန်က အမြင်အာရုံ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပကြောင်း သိရသည်။


မြန်မာနိုင်ငံမျက်မမြင်အသင်းနှင့် လားရှိုးမြို့ရှိ ရွှေပုလဲအဖွဲ့တို့ ပူးပေါင်းဆောက်ရွက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ အမြင်အာရုံချို့တဲ့သူများအတွက် အကူအညီပေးနိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးကြခြင်း ဖြစ်သည်။


မြန်မာနိုင်ငံ မျက်မမြင်များအသင်း၊ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ရည်မွန်သူက “ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း၌ အမြင်အာရုံချို့တဲ့သူများ ၂၀ ကျော်ခန့်ရှိနေပြီး သူတို့အားလုံးကို သင့်တင့်တဲ့ပညာတွေ သင်ပေးနိုင်ဖို့၊ ဘဝအတွက် လုပ်ကိုင်နိုင်မဲ့ သူတို့နဲ့သင့်လျော်တဲ့ လက်မှုပညာတွေကို သင်ပေးနိုင်ဖို့အတွက် အခုလို ပညာ ပေးလုပ်ငန်းတွေ လုပ်ဆောင်တာပါ။ မြန်မာနိုင်ငံ မျက်မမြင်အသင်းရုံးချုပ်က ရန်ကုန်မှာရှိပြီး ရုံးခွဲ(၃)ခုကို မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ လားရှိုးမှာ ဖွင့်လှစ်ပြီး အမြင်အာရုံ မသန်စွမ်းသူများ၏အခက်အခဲများကို ကူညီဆောင်ရွက် ပေးနေပါတယ်” ဟု ပြောသည်။


အမြင်အာရုံ မသန်စွမ်းသူများအတွက် ကူညီပေးနိုင်ရေးဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မြို့နယ်များမှ အမြင်အာရုံမသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။


ဟန်ဌေး(လားရှိုး)

 

1