လစ်ဗျား မှ အီတလီ သို့ ဒုက္ခသည် ၁၄၉ ဦး ဘေးကင်းရာသို့ ပြောင်းရွှေ့ပေး

၃၁ မေ

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် ၁၄၉ ဦးကို လစ်ဗျား နှင့် အီတလီ အာဏာပိုင်များ ပူးပေါင်းပြီး လစ်ဗျား နိုင်ငံမှ အီတလီ နိုင်ငံ ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ထရီပိုလီ တွင် လုံခြုံရေးအခြေအနေ ဆိုးရွားလာပြီး ပြင်းထန်သောတိုက်ပွဲများအကြား ဒုက္ခသည် ၁၄၉ ဦး နှင့် ခိုလှုံခွင့်တောင်းခံသူများ ကို ရောမမြို့သို့ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးခဲ့သည် ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆိုသည်။

 

အဆိုပါ ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည့် ဒုက္ခသည်များသည် ကလေး ၆၅ ဦး ပါဝင်သည့်  အာဖရိတိုက်သား လူမျိုးစုများ ဖြစ်ကြသည်။

 

မြို့တော် ထရီပိုလီ ကို ထိန်းချုပ်ရန် ဧပြီလအစောပိုင်းကတည်းက ကုလသမဂ္ဂ ကျောထောက်နောက်ခံ အစိုးရတပ်ဖွဲ့များ နှင့် အရှေ့အခြေစိုက် တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသဖြင့် ဘေးကင်းရာသို့ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည်။

 

လစ်ဗျားအစိုးရ က ဖမ်းဆီးထားသည့် သို့မဟုတ် ပင်လယ်ပြင်၌ ကယ်ဆယ်ထားသည့် ထောင်ချီရှိသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လစ်ဗျားကယ်ဆယ်ရေး စခန်းတွင် ပြည့်ကျပ်နေသည် ဟု ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ                
ဘာသာပြန် - မြင့်မြင့်ချို