လစ်ဗျားအနောက်ပိုင်းရှိ ကျောင်းသားများအားတိုက်ခိုက်မှု ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချ

၄ ဒီဇင်ဘာ

 

လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂထောက်ပံ့ရေးအဖွဲ့(UNSMIL) က ထရီပိုလီမြို့တော် အနောက်ပိုင်း ကီလိုမီတာ ၈၀ အကွာ Al Ajaylat မြို့ စာသင်ကျောင်းရှိ ကျောင်းသားများအား တိုက်ခိုက်မှုကို ယမန်နေ့က ပြစ်တင်ရှုတ်ချခဲ့သည်။

 

Al Ajaylat မြို့ရှိ စာသင်ကျောင်းမှပြန်လာနေသော ကျောင်းသားများအား လူမဆန်စွာ တိုက်ခိုက်ခဲ့သဖြင့်  အသက် ၁၆နှစ်အရွယ် ကျောင်းသားလေးတစ်ဦး သေဆုံးခဲ့ပြီး အခြားကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့မှာ ကျောင်းဝတ်စုံများဖြင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့မှုကို  UNSMIL က ပြင်းထန်စွာရှုတ်ချပါကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် UNSMIL က ပြောကြားထားသည်။

 

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူ၏ မိသားစုဝင်များထံ အလွန်အမင်းဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရသူများ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေချင်ကြောင်းတို့ကို ထိုအဖွဲ့က ထုတ်ဖော်ပြောကြားသည်။

 

ထိုကောက်ကျစ်ယုတ်မာသောတိုက်ခိုက်မှုကို ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးရန်နှင့် ချက်ချင်းလုပ်ဆောင်ရန်၊ ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုမှုအမြန်လုပ်ဆောင်ရန် ၎င်းအဖွဲ့က တောင်းဆိုသည်။

 

လစ်ဗျားလူ့အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကလည်း ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး  ယင်းတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန်နှင့် တိုက်ခိုက်သူများကို လိုက်လံဖမ်းဆီးရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ရှေ့နေချုပ်တို့အား တောင်းဆိုခဲ့သည်။

 

လစ်ဗျားနိုင်ငံတွင် ကဒါဖီအစိုးရ ၂၀၁၁ ခုနှစ်က  ပြုတ်ကျခဲ့ပြီးချိန်မှစ၍ အကြမ်းဖက်မှုနှင့် လုံခြုံရေးကင်းမဲ့မှုများ ပိုမိုဆိုးရွားလာနေခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို