လစ်ဗျား၌ စစ်သင်တန်းကျောင်းအား လေကြောင်းတိုက်ခိုက်မှုကြောင့် ဗိုလ်လောင်း ၂၈ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ထရီပိုလီ ၆ ဇန်နဝါရီ

 

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ရှိ စစ်သင်တန်းကျောင်း တစ်ခုအပေါ် ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ လူ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

 

“ထရီပိုလီမြို့တော်က စစ်သင်တန်းကျောင်း တစ်ခုအပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဗိုလ်လောင်း ၂၈ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်” ဟု အမျိုးသားသဘောတူညီချက်အစိုးရ (GNA)၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အေမင်အယ်လ်ဟာရှီမီက ပြောကြားသည်။

 

အမျိုးသားသဘောတူညီချက်အစိုးရ (GNA) က ဟတ်ဖ်တာကို သစ္စာခံသည့်တပ်ဖွဲ့များ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ဖေ့စ်ဘွတ်ပေါ်၌ သေဆုံး သူများ၊ ဒဏ်ရာရရှိသူများ၏ ဓာတ်ပုံများတင်ခဲ့သည်။ သို့သော်လည်း ဟတ်ဖ်တာလိုလားသည့် တပ်ဖွဲ့က တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဟုမပြောကြားခဲ့ပေ။

 

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ချိန်တွင် ဗိုလ်လောင်းများမှာ အိပ်ဆောင်များသို့ မသွားရောက်မီ စစ်ရေးပြကွင်း တစ်ခု၌ စုဝေးနေကြောင်း ၎င်းကဆိုသည်။ အဆိုပါ စစ်သင်တန်းကျောင်းမှာ ထရီပိုလီမြို့တော်၏ လူနေဒေသ တစ်ခုဖြစ်သည့် အယ်လ်-ဟတ်ဘာအယ်လ်ခါဒရာ၌ တည်ရှိသည်။ သွေးလှူရှင်များအနေဖြင့် ဆေးရုံများ၊ သွေးဘဏ်များသို့ သွားရောက်ကာ ဒဏ်ရာရရှိသူများကို ကူညီကြရန် ၎င်းက တောင်းဆိုခဲ့သည်။ ထရီပိုလီမြို့တောင်ပိုင်းတွင် တပ်မတော်ခေါင်းဆောင် ခါလီဇာဟတ်ဖ်တာက အမျိုးသား သဘောတူညီချက်အစိုးရ (GNA) အပေါ်ထိုး စစ်ဆင်မှု တစ်ရပ်စတင်ခဲ့သည့် ပြီးခဲ့သည့်နှစ် ဧပြီလနောက်ပိုင်း ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

 

၂၀၁၁ ခုနှစ်တွင် နေတိုးအဖွဲ့ ကျောထောက်နောက်ခံ ပြုသော ဆူပူအုံကြွမှုတစ်ခုအတွင်း အာဏာရှင်မိုအမ်မာ ကဒါဖီသတ်ဖြတ်ခံရပြီးနောက် လစ်ဗျားနိုင်ငံမှာ ပရမ်းပတာ အခြေအနေများ ဖြစ်လာခဲ့သည်။ ထို့နောက်ပိုင်း အမျိုးသား သဘောတူညီချက်အစိုးရ (GNA) နှင့် နိုင်ငံအရှေ့ပိုင်းအခြေ စိုက်သည့် ပြိုင်ဘက်အာဏာပိုင်များကြား အုပ်စုကွဲသွားခဲ့ သည်။ ဟတ်ဖ်တာ၏ တပ်ဖွဲ့က ထရီပိုလီမြို့တော်အား တိုက်ခိုက်မှုစတင်ခဲ့ချိန်နောက်ပိုင်း အရပ်သား၂၈၀ ကျော်နှင့် တိုက်ခိုက်ရေးသမား ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ ၁၄၆၀၀၀ နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား- အေအက်ဖ်ပီ၊ ဘာသာပြန် - ကျော်ထိုက်စိုး