စက်တင်ဘာ ၁၉
လစ်ဗျားနိုင်ငံအရှေ့ပိုင်း ရေဘေးသင့်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် အခြေခံအဆောက်အအုံ ၇၀ ရာခိုင်နှုန်းထိခိုက်ပျက်စီးခဲ့ကြောင်း တံတားနှင့်လမ်းပိုင်းဆိုင်ရာအစိုးရဌာနက ယမန်နေ့ကပြောသည်။
အဆိုပါရေကြီးရေလျှံမှုများကြောင့် လမ်းများ၏ ၅၀ ရာခိုင်နှုန်းလည်း ပျက်စီးသွားပြီး ရေဘေးသင့်ဒေသများတွင် ယာဉ်များဖြတ်သန်းသွားလာနိုင်ရန် အခြားလမ်းကြောင်းများဖွင့်လှစ်ပေးထားသည်။
လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ ရေလွှမ်းမိုးခြင်းခံရသော မြို့ ၁၅ ခုတွင် စာသင်ကျောင်း ၁၁၄ ကျောင်း ပျက်စီးသွားခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနကဆိုသည်။
လစ်ဗျားနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်က မြေထဲပင်လယ်မုန်တိုင်း ဒန်နီရယ်တိုက်ခတ်မှုကြောင့် ဆယ်စုနှစ်တစ်စုအကြာ အဆိုးရွားဆုံးရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၅၅၀၀ ထက်မနည်း သေဆုံးပြီး လူ ၁၀၀၀၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို