စက်တင်ဘာ ၁၂
လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ ထောင်နှင့်ချီရှိသော ရေဘေးသင့်ပြည်သူများထံသို့ ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့က ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း ယမန်နေ့က ၎င်းတို့က ထုတ်ပြန်ကြေညာခဲ့သည်။
လစ်ဗျားအရှေ့ပိုင်းတွင် ဒန်နီရယ် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အကျပ်အတည်းများကြားတွင် ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ လစ်ဗျားက လူပေါင်း ၁၀၀၀၀ အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်း ၁၁၀၀ နှင့် အရေးကြီးသော ဆေးဝါးပစ္စည်းများနှင့် ကလေး ၅၀၀ အတွက် အဝတ်အစားများထောက်ပံ့ပေးခဲ့သည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ မိသားစုဝင်များပျောက်ဆုံးနေသူအားလုံးအား နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းပါကြောင်း ၎င်းအဖွဲ့က ပြောကြားသည်။
စက်တင်ဘာ ၁၀ ရက်က မြေထဲပင်လယ်မုန်တိုင်းဒန်နီရယ်တိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး မုန်တိုင်းလမ်းကြောင်းတစ်လျှောက်ရှိ အဆောက်အအုံများပျက်စီးခဲ့သည်။
ထိုရေကြီးရေလျှံမှုကြောင့် ထောင်နှင့်ချီသောသူများ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို