လစ်ဗျားနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့် ၇၂ နာရီအတွင်း ကလေး ၁၄ ဦးသေဆုံး

၂ ဒီဇင်ဘာ

ကုလသမဂ္ဂကျောထောက်နောက်ခံ လစ်ဗျားအစိုးရတပ်ဖွဲ့က လစ်ဗျားနိုင်ငံတွင် ၇၂ နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ကလေး ၁၄ ဦးသေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

အရှေ့အခြေစိုက်သူပုန်အုပ်စုက မြို့တော်ထရီပိုလီ တောင်ပိုင်းရှိ လူနေအိမ်အနီးတွင် တနင်္ဂနွေနေ့ကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကလေးငါးဦးသေဆုံးခဲ့ပြီး အခြားအရပ်သား ၁၀ ဦး ဒဏ်ရာရရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့က တောင်ပိုင်းမြို့တော်ဖြစ်သည့် အမ်အယ်လ် အရာနစ်ဘ်တွင် တခြား လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးကိုးဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။

ကာလီဖာ ဟက်ဖ်တာ ဦးဆောင်သည့် အရှေ့အခြေစိုက်စစ်တပ်သည် ပြီးခဲ့သည့် ဧပြီလအစောပိုင်း ကတည်းက ထရီပိုလီ အနီးတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှု ဦးဆောင်ပြုလုပ်ကာ ကုလသမဂ္ဂကျောထောက်နောက်ခံအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းလုပ်ဆောင်နေသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် ထောင်ချီရှိသောပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြကြောင်း နှင့် အရပ်သား ၁၂၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်က ကဒါဖီ ပြုတ်ကျပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံသည် လုံခြုံရေးကင်းမဲ့မှုနှင့် နိုင်ငံရေးအရ ကွဲပြားမှုတို့ကြောင့် ဒုက္ခရောက်ခဲ့ရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို