လစ်ဗျားတောင်ပိုင်းတွင် အမေရိကန် လေကြောင်းတိုက်ခိုက်မှု အိုင်အက်စ် စစ်သွေးကြွ ခုနစ်ဦးသေဆုံး

၁ အောက်တိုဘာ

 

 

ကုလသမဂ္ဂ ကျောထောက်နောက်ခံ အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း ယမန်နေ့က အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် လစ်ဗျားနိုင်ငံ တောင်ပိုင်းရှိ အိုင်အက်စ် စစ်သွေးကြွ ခုနစ်ဦး သေဆုံးခဲ့ကြကြောင်း၊ အရပ်သားများ ထိခိုက်သေဆုံးမှု မရှိကြောင်း အမေရိကန် အာဖရိက စစ်ဌာနချုပ်က ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြခဲ့သည်။

 

 

အကြမ်းဖက်သမားများ၏ စီမံကိန်းရေးဆွဲခြင်း၊ သင်တန်းပေးခြင်းနှင့် လှုပ်ရှားမှုများကို နှောင့်ယှက်ဖျက်စီးခြင်းဖြင့် ယင်းအကြမ်းဖက်သမားများ၏ အင်အားလည်း ပြိုကွဲမည်ဖြစ်ကြောင်း အမေရိကန် အာဖရိက စစ်ဌာနချုပ်၏ စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဝီလျံ ဂါလာ က ပြောကြားခဲ့သည်။

 

 

လစ်ဗျားနိုင်ငံတွင် နိုင်ငံရေး အခြေအနေ တည်ငြိမ်ရန် သံတမန်ရေးရာ ဆောင်ရွက်မှုများကို အမေရိကန် အာဖရိက စစ်ဌာနချုပ်က ဆက်လက်ပြီးဝိုင်းဝန်း ကူညီသွားမည် ဖြစ်သည်။

 

 

ကုလသမဂ္ဂ ကျောထောက်နောက်ခံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း လစ်ဗျားနိုင်ငံရှိ အကြမ်းဖက်သမားကို အမေရိကန် အာဖရိက စစ်ဌာနချုပ်က မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

 

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ရာ လစ်ဗျားနိုင်ငံ အနောက်တောင်ပိုင်းတွင် စစ်သွေးကြွ ၁၇ ဦးနှင့် ၁၁ ဦး အသီးသီး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို