လျှစ်စစ်ဓာတ်ကြိုးပြုတ်ကျရာမှ ကျွဲလေးကောင် ဓာတ်လိုက်သေဆုံး

ရေတာရှည်  ၈  သြဂုတ် 

 

ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ အမှတ် (၆)သကြားစက်ရုံဝန်းအတွင်းရှိ ဝန်ထမ်း လိုင်းနောက်ကျောဘက် လျှပ်စစ်ဓာတ်တိုင်မှ  ဓာတ်ကြိုးပြုတ်ရာက ဒေသခံတောင်သူတစ်ဦး၏ ကျွဲလေးကောင် သြဂုတ် ၇ ရက်နေ့ ညနေ ၇ နာရီခွဲအချိန် ဓာတ်လိုက် သေဆုံး သွားခဲ့ကြောင်း  သိရှိရသည်။

 

အခင်းဖြစ်ပွားသည့်နေရာသို့ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ကြည်လင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး အေးထွန်း နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ရေတာရှည်  အမှတ် ၆ သကြားစက်ရုံ ဝန်ထမ်းအိမ်ရာနောက် ကျောဘက်ရှိ လျှပ်စစ်ဓာတ်တိုင်ပေါ်မှ ကြိုးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေချိန် အင်ဒိုင်းကျေးရွာနေ တောင်သူ ဦးမြသိန်း ပိုင်ဆိုင်သည့် ကျွဲမကြီး နှစ်ကောင်၊ ကျွဲမဒန်းတစ်ကောင်၊ ကျွဲပေါက်ငယ်တစ်ကောင် စုစုပေါင်း ၄ ကောင် ဓာတ်လိုက်​ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ ဓာတ်ကြိုးများ ပြန်လည်တပ်ဆင်ခြင်းနှင့် သေဆုံးသွားသော ကျွဲ လေးကောင်အား စနစ်တကျမြှုပ်နှံခြင်း၊ နောင် အလားတူဖြစ်ရပ်မျိုးဖြစ်ပွားမှု မရှိစေရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ကိုလွင်(ဆွာ)