လောကပါလ တရားနှစ်ပါး

လောကပါလတရားဆိုသည်မှာ လောကကို စောင့်ရှောက်သောတရားဖြစ်၏။ ဤလောကပါလတရားဟူသည် လောကကို ထိန်းကွပ်စောင့်ရှောက်သည့် တရားနှစ်ပါးရှိမှသာလျှင် လောကသည်သာယာမည်၊ လောကလူသားများ ငြိမ်းအေးချမ်းသာမည်ဟု အယူရှိ၏။

 

ထိုလောကကို စောင့်ရှောက်သော တရားနှစ်ပါးသည်ကား ဟီရိနှင့် ဩတ္တပ္ပ ဟူသည့် တရားနှစ်ပါးတည်း။ တိုက်ရိုက်ဆိုရပါမူ မကောင်းမှုကိုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်းဖြစ်ပါသည်။ မကောင်းမှုပြုလုပ်ရန် မရှက်ခြင်းသဘောသည် အဟိရိက ဟူ၏။ အဟိရိက သဘောထားရှိသူတို့သည်ကား မကောင်းမှုပြုရဲသည်ကိုပင် ဂုဏ်ယူဖွယ်မှတ်ထင်နေကြ၏။ ထို့အတူပင် အနောတ္တပ္ပဟူသည့် မကောင်းမှုပြုလုပ်ရန် မကြောက်လန့်ခြင်းသဘောသည် အနောတ္တပ္ပမည်၏။ မကောင်းမှုပြုခြင်း၏ ဆိုးရွားမှုအကျိုးဆက်များကို ကြောက်စရာဟုမမြင်၊ ကြောက်စရာဟုသဘောမှာမပေါက်။ ရဲရဲတင်းတင်း ပြုလုပ်ဝံ့ခြင်းသည်ကား အနောတ္တပ္ပတည်း။

 

ကောင်းမှု၊ မကောင်းမှုနှင့် ကောင်းမှုပြုခြင်း၏ အကျိုးဆက်၊ မကောင်းမှုပြုခြင်း၏ အကျိုးဆက်တို့ကို မသိ နားမလည်။ သို့မဟုတ် မမြင်တတ်သည့်အခါ မကောင်းမှုပင် ဖြစ်စေကာမူ မပြုရဲစရာမရှိဟူသည့် ရဲဝံ့မှု ဖြစ်ပေသည်။

 

ယင်းအခြေခံအသိပညာ ကွယ်သည့်အခါ လူ့အဖွဲ့အစည်းကို တည်ဆောက်ရကောင်းမှန်း၊ လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းသာယာမှုကို စောင့်ရှောက်ရကောင်းမှန်းမသိ ဖြစ်တော့သည်။ ဤအဟိရိ၊ အနောတ္တပ္ပ စိတ်ဓာတ်သည် လူ့အဖွဲ့အစည်းကို ကသိကအောက်ဖြစ်စေသည့် အမှုငယ်များမှသည် ကမ္ဘာကြီးကို ပျက်စီးသည့်တိုင် ဩဇာသက်ရောက်မှုရှိပါသည်။

 

လူမှုဝန်းကျင်တွင် ယနေ့ နေ့စဉ်ကြုံတွေ့နေရသည့် ရပ်ကွက်ကျေးရွာများမှ ပြဿနာများကအစ တွေ့မြင်နေရလေ သည်။ လူအများ ဥဒဟိုသွားလာနေသော လူသွားစင်္ကြံများမှအစ၊ ကားလမ်းမများအလယ်၊ အများပြည်သူနားခိုရာ ကွက်လပ်များ၊ ဘုရားရင်ပြင်တော်ထိ တံတွေးထွေးကြ၊ ကွမ်းသွေးတပျစ်ပျစ် လုပ်ကြသည်မှာ မည်မျှရှက်စရာ ကောင်းသည်ဆိုခြင်းကို မသိကြ။ ဂရုမပြုကြ။ ဤအပြုအမူအတွက် လူမှုအဖွဲ့အစည်းကပေးမည့် ပြစ်ဒဏ်ကိုလည်း ကြောက်ရကောင်းမှန်း၊ စိုးရိမ်ရကောင်းမှန်းမသိကြ။

 

မရိုးမသားပြုခြင်း၊ သူတစ်ပါးပစ္စည်း ဥစ္စာကို မတရားရယူလိုခြင်း၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုခြင်း၊ အဂတိလိုက်စားခြင်း၊ မသမာမှုဖြင့် သက်မွေးဝမ်းကျောင်းပြုခြင်း၊ ပြောင်ပြောင်တစ်မျိုး၊ တိုးတိုးတစ်သွယ် သူတစ်ပါး ပစ္စည်းကိုခိုးခြင်း စသည်စသည့်အမှုတို့ကို ပြုခြင်းကျူးလွန်ခြင်းသည် ရှက်စရာ၊ ကြောက်စရာဟု သဘောမထား ခြင်းသည် လောကပျက်စီးမှု၏ အကြောင်းရင်းတို့ ဖြစ်ပေသည်။

 

သာမန်မျှသော အရေးကိစ္စမှအစ အလွယ်တကူပင် မမှန်စကားပြောဆိုခြင်း၊ မိမိ၏အကျိုး မိမိ၏အဖွဲ့အစည်း၏ အကျိုးစီးပွားအကျိုးငှာ မဟုတ်မမှန်စကားများကို ပြောဆိုနေကြခြင်း၊ မမှန်သတင်းများ မမှန်စကားများကို ချဲ့ထွင်၍ ဝါဒဖြန့်နေကြခြင်း၊ လူ့အဖွဲ့အစည်းအတွင်း အမုန်းတရားတို့ ဟုန်းဟုန်းထနေရေး အလို့ငှာ မလျော်စကား များကို ဖြန့်ဝေနေကြခြင်း၊ ကုန်းစကား ရိုင်းပျသောရုန့်ရင်းသောစကားတို့ကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေခြင်း စသည်တို့သည် ရှက်စရာမဟုတ်သည့်အလား။

 

လူမှုအဖွဲ့အစည်းသည် မကောင်းမှုတွင် မွေ့လျော်နေကြရခြင်းကို ရှက်စိတ် ကြောက်စိတ်တို့ဖြင့် လူသားအချင်းချင်း စာနာမှု ချစ်ခင်လေးစားမှု၊ မေတ္တာထားမှုတို့ဖြင့် သာယာအေးချမ်းအောင် အားထုတ်ကြရမည် ဖြစ်ပါကြောင်း။    ။

မြန်မာ့အလင်း