လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာတွင် အမျိုးသမီး(၂)ဦး အသတ်ခံရမှုဖြစ်ပွား

ထားဝယ် ၂၄ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် လောင်းလုံး-ကျောက်နီ မော်ကားလမ်းနံဘေး သပြေရှောင် ကျေးရွာတွင် ဇွန် ၂၃ ရက် ညနေပိုင်းက နေအိမ်၌ အမျိုးသမီး(၂)ဦး အသတ်ခံရ၍ သေဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်နေ ဦးဝင်းအောင်သည် ဇွန် ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တောကျဲကျေးရွာမှ သပြေရှောင်ကျေးရွာရှိ မိခင်ဖြစ်သူနေအိမ်သို့ သွားရောက်စဉ် မိခင်ဖြစ်သူ ဒေါ်အေးရီ (၈၆)နှစ်မှာ နေအိမ်အောက်ထပ်တွင် သေဆုံးနေပြီး မိသားစုဝင်များက အတူနေအစ်မဖြစ်သူ ဒေါ်သိန်းယူ (၅၄)နှစ်အား ဖုန်းခေါ်ရာ ဖုန်းမှာနေအိမ်တွင်ရှိနေကြောင်းနှင့် နေအိမ်တွင် ဆိုင်ကယ်တစ်စီးအား မတွေ့ရသဖြင့် အစ်မဖြစ်သူမှာ ဆိုင်ကယ်နှင့် နေအိမ်ပြင်ပသို့ သွားရောက်နေသည်ဟု ထင်မြင်ခဲ့ကြောင်း၊ အစ်မဖြစ်သူ ဒေါ်သိန်းယူမှာ နေအိမ်အပေါ်ထပ် ဘုရားစင်ရှေ့တွင် လဲကျသေဆုံးနေသည်ကို ထပ်မံတွေ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်ထံသို့ အကြောင်းကြားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးရာ အစ်မဖြစ်သူ ဒေါ်သိန်းယူ၏ ဦးခေါင်းတွင် ချိုင့်ဝင် သွေးထွက် ပေါက်ပြဲဒဏ်ရာ (၁)ချက်နှင့် မိခင်ဒေါ်အေးရီတွင် ဝဲဘက်ပါးဖူးရောင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ရင်သားညိုမဲဒဏ်ရာ (၁)ချက်၊ လည်ပင်းဝန်းကျင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့မြင်ရသဖြင့် ဦးဝင်းအောင်က မိခင်နှင့် အစ်မဖြစ်သူတို့အား ဒဏ်ရာရရှိသေဆုံးစေအောင် သတ်သွားသူအား စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုအား လောင်းလုံးမြို့မရဲစခန်းမှ အမှုဖွင့်လှစ် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)