လေဆိပ်ဝန်းကျင် သန့်ရှင်းသာယာလှပဖို့ ဝိုင်းဝန်းလက်တွဲဖော်ဆောင်စို့

၈ ဇန်နဝါရီ

 

နိုင်ငံတစ်နိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍတွင် လေကြောင်းပို့ဆောင်ရေးအောင်မြင်မှုသည် ထိုနိုင်ငံ၏ ပြည်ပခရီးသွားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ပြသခြင်းပင်ဖြစ်သည်။ မြန်မာပြည်၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတည်ရှိရာ မြို့ကြီးဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု အများဆုံးမြို့တော်လည်းဖြစ်သည်။

 

ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကြီးအား နိုင်ငံတကာလေဆိပ်ကြီးအဖြစ် အဆင့် မြှင့်တင်တည်ဆောက်ခဲ့ရာ ယနေ့ ရန်ကုန်မြို့၏ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် မြန်မာပြည်၏ ဂုဏ်ယူဖွယ်ရာ လေဆိပ်ကြီးတစ်ခုအဖြစ် တွေ့မြင်ရပြီး အရှေ့တောင်အာရှတွင်ရှိသော လေဆိပ်များတွင် နိုင်ငံခြားခရီးသွားများ အသိအမှတ်ပြုရာ လေဆိပ်ကြီးတစ်ခုအဖြစ် ဂုဏ်သတင်း သင်းပျံ့လျက်ရှိသည်။

 

အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်လမ်းတစ်လျှောက်မှာ နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းထားပြီး လေဆိပ်အဝင်လမ်းအင်္ဂါနှင့်အညီ လှပလျက် ကားလမ်းတစ်လျှောက်မှာလည်း သန့်ရှင်းလှပလျက်ရှိသည်။ ကားလမ်း ဝဲ/ယာ လူသွားလမ်းမှာလည်း အရိပ်ရအပင်များဖြင့် လှပလျက်ရှိသည်။ လေဆိပ်ရှေ့တွင် ယာဉ်ရပ်နားဝင်းကြီးကို တည်ဆောက်ထားသောကြောင့် လေဆိပ်အလှနှင့် ပနံသင့်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်ပါက ဦးစွာ ပြည်တွင်း ဆိုက်ရောက် ထွက်ခွာရာ လေဆိပ်ပေါက်ကိုတွေ့ရမည် ဖြစ်ပြီး ယင်းနှင့်ကပ်လျက်တွင် ပြည်ပ ဆိုက်ရောက်/ ထွက်ခွာရာ လေဆိပ်ကို တစ်ဆက်တည်း တွေ့မြင်ရမည်ဖြစ်သည်။

 

ရန်ကုန်မြို့ပြ၏ ခရီးသွားပို့ဆောင်ရေး

 

ယင်းရှေ့တွင် လေဆိပ်မှ ခရီးသွားများ ယာဉ်ရပ်နားဝင်းသို့ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရန် လူကူးခုံးကျော်ပေါင်းကူးတံတားကြီးကို လေဆိပ်အလှနှင့် လိုက်ဖက်ညီစွာ တည်ဆောက်ထားလျက်ရှိသည်။ ပြည်ပဆိုက်ရောက်ထွက်ခွာရာ ဝင်ပေါက်ရှေ့တွင်ရှိသော ကားလမ်းမကြီးပေါ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ရန်ကုန်မြို့တွင်းသို့ လွယ်ကူမြန်ဆန်စွာသွားလာနိုင်ရန် လေဆိပ်ဆူးလေ YBS မှန်လုံယာဉ်လိုင်းမှ စောင့်ဆိုင်းပြေးဆွဲလျက်ရှိရာ လေဆိပ်ခရီးသွားများအနေဖြင့် ခရီးသွားလာမှုအဆင်ပြေ ချောမွေ့လျက်ရှိပြီး လေဆိပ်ပို့ဆောင်ရေးကဏ္ဍနှင့် ရန်ကုန်မြို့ပြ၏ ခရီးသွားပို့ဆောင်ရေး ကဏ္ဍတို့မှာ ဟန်ချက်ညီလျက်ရှိသည်။

 

တစ်ချိန်က မင်္ဂလာဒုံလေဆိပ်နှင့် ယနေ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှာ ပြောင်းလဲခြင်းများစွာဖြင့် တိုးတက်ပြောင်းလဲလာသော အသီးအပွင့်ကို ယနေ့ ရန်ကုန်မြို့နေပြည်သူ များ ခံစားရရှိလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုပုံရိပ်ကို လေဆိပ်အဆောက်အဦမှ ထွက်ခွာသည်နှင့် တွေ့မြင်ရသည်မှာ နိုင်ငံသားတိုင်းအတွက် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ အထူးသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသည် မြန်မာနိုင်ငံ လျင်မြန်စွာပြောင်းလဲတိုးတက် လာမှုကိုတွေ့မြင်ရသော ရှေးဦးပြယုဂ်တစ်ခု ဆိုလျှင်လည်း မမှားပေ။

 

သို့သော် မြင်ကွင်းအချို့က မတင့်တယ် လှသည်ကိုတွေ့ရသည်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကြီး ပြည်တွင်းဆိုက်ရောက် ထွက်ခွာရာ ဝင်ပေါက် အဆောက်အဦထိပ် လူသွားလမ်းပေါ်တွင် နေ့စဉ်ရောင်းချလျက်ရှိသည့် ဈေးသည်များကို တွေ့မြင်ရမည် ဖြစ်သည်။ လေဆိပ်၏ ပြည်တွင်း ဆိုက်ရောက်/ ထွက်ခွာရာ ဝင်ပေါက်နှင့် ကပ်လျက် ကားလမ်းပေါ်တွင် အငှားယာဉ်များ ရပ်တန့်လူခေါ်လျက်ရှိသည့်နည်းတူ အဖြူ၊ အနီခြယ်သထားသော လူသွားလမ်း ပလက်ဖောင်းတစ်လျှောက်တွင်လည်း ယာဉ်များရပ်တန့်ထားသောကြောင့် ခရီးသည်များကို လာရောက်ကြိုဆိုကြသည့် ပြည်သူတို့အနေဖြင့် အခက်အခဲ ရှိစေလျက်ရှိသည်။

 

လေဆိပ်ရှေ့တွင်ရှိသော ကားလမ်းမကြီးတွင်လည်း မည်သည့်အကြောင်းနှင့်မျှ ယာဉ်များရပ်တန့်ခြင်းမပြုရန် စာရေးသား ဖော်ပြထားသော်လည်း ယာဉ်များ ရပ်တန့် ပြေးဆွဲသောကြောင့် လေဆိပ်လမ်းမကြီးပေါ်တွင် သွားလာသော ယာဉ်များအတွက် အခက်အခဲများစွာရှိနေ လျက်ရှိသည်။

 

လေဆိပ်ထွက်ပေါက် ပေါင်းမိုးအောက်တွင်ရှိသော ခရီးသည်ကြို/ပို့ကားလမ်းပေါ်တွင် အငှားယာဉ်နှင့် အိမ်စီးယာဉ်များ ရပ်တန့်ထားမှုသည် လေဆိပ်ကြီး၏ ဝင်လမ်း၊ ထွက်လမ်းကို အနှောင့်အယှက်ဖြစ်စေ လျက်ရှိသည်။ ဝီစီသံဖြင့် ရှင်းလင်းဆောင်ရွက်နေသော်လည်း ဂရုပြုမှုမရှိဘဲ ယာဉ်များ ရပ်တန့်ထားလျက်ရှိသည်။ သတ်မှတ်ထား သောကားဝင်းတွင် စည်ကမ်းရှိစွာ စောင့်ဆိုင်း ထားရှိခြင်းသည် လေဆိပ်ကြီး၏ တင့်တယ်လှပမှုကို ဂုဏ်ပြုရာရောက်စေသည့်အပြင် နိုင်ငံသားတစ်ဦးအနေဖြင့် သတ်မှတ် စည်းကမ်းကို လေးစားလိုက်နာရာရောက်စေသည်။

 

လမ်းပေါ်မှကွမ်းတံတွေးများ

 

ပြည်တွင်း ဆိုက်ရောက်ထွက်ခွာရာ ဝင်ပေါက်ကားလမ်းပေါ်နှင့် ပလက်ဖောင်း ပေါ်တွင်လည်းကောင်း၊ လေဆိပ်ရှေ့ကားလမ်းပေါ်နှင့် ပလက်ဖောင်းပေါ်တွင်လည်းကောင်း၊ ပြည်ပဆိုက်ရောက် ထွက်ခွာရာဝင်ပေါက် အနီး ပေါင်းမိုးအောက်ကားလမ်းနှင့် ပလက်ဖောင်းတွင် လည်းကောင်း၊ လေဆိပ်ရှေ့ ကားလမ်းမနှင့် လူသွားလမ်းပလက်ဖောင်းပေါ်တို့တွင် လည်းကောင်း ကွမ်းတံတွေးများ နီလျက်ရှိနေသည်ကို တွေ့မြင်ရသည်မှာ မြန်မာပြည်၏အထင်ကရ ရန်ကုန်လေဆိပ် ကြီးအတွက် စိတ်မကောင်းဖွယ်၊ မတင့်တယ် ဖွယ်ရာဖြစ်သည်။

 

ရန်ကုန်မြို့တွင်း ကားလမ်းမကြီးများ ပေါ်တွင်သာမက လေဆိပ်အဆောက်အဦ ကားလမ်းမနှင့် ပလက်ဖောင်းပေါ်တို့တွင် ကွမ်းတံတွေးများ နီလျက်ရှိနေသည်မှာ မိမြို့ပြ၏အလှကို ကိုယ်တိုင်ဖျက်ဆီးရာ ရောက်စေလျက်ရှိသည်။ လမ်းပေါ်တွင် ပစ်ချ လိုက်သောကွမ်းတံတွေးထုပ်နှင့် ထွေးလိုက်သော ကွမ်းတံတွေးတို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးနှင့် အလှမ်းဝေးနေမှုကို ထိုလမ်းမများပေါ်က ပြသလျက်ရှိသည်။ ကွမ်းတံတွေးနှင့်အတူ ကားလမ်းပေါ်သို့ ပစ်ချလိုက်သော အမှိုက်များမှာလည်း ထို့နည်းတူပင်ဖြစ်သည်။

 

မြို့ပြများ သီးသီးသန့်ရှင်းသာယာ လှပပြီး အေးချမ်းသာယာပါက မြန်မာပြည် ခေတ်မီဖွံ့ဖြိုးဘိုဘက်မှု မြန်ဆန်လာမည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြို့တိုင်းတွင် ထိုမြို့အတွက် ဂုဏ်ယူဖွယ်ပြယုဂ်များရှိနေ သောကြောင့် မိမိတို့မြို့ ၏ဂုဏ်ကို ပိုင်ဆန်းထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ထိုမြို့၏ ဂုဏ်သည် ထိုနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ သင်းပျံ့စေမည်ဖြစ်သည်။ စည်းကမ်း လိုက်ခြင်းသည် တိုင်းပြည်ချစ်စိတ်ရှိခြင်းပင်ဖြစ်သည်။ နိုင်ငံ၏ဂုဏ်ကိုထိခိုက်စေခြင်းကို နိုင်ငံသားတစ်ဦးအနေဖြင့် ရှောင်ကြဉ်ရ မည်သာဖြစ်သည်။

 

လေဆိပ်ဝန်းကျင်သာယာရေးပူးပေါင်း

 

ယနေ့ရန်ကုန်မြို့သည် ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးမြို့တစ်မြို့အဖြစ် တွေ့မြင်ရမည် ဖြစ်သည်။ ထို့နည်းတူ ရန်ကုန်လေဆိပ်ကြီး မှာလည်း ရန်ကုန်မြို့နှင့် ဟန်ချက်ညီစွာပြောင်းလဲတိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတကာလေဆိပ်ကြီး သန့်ရှင်းသာယာလှပရန် ဖော်ဆောင်နေမှုကို မြန်မာပြည်သူ ပြည်သားအပေါင်း အသိအမှတ်ပြု ဂုဏ်ယူရမည်ဖြစ်ပြီး လေဆိပ်ရှေ့မှ ကားလမ်းနှင့် လူသွားလမ်းပလက်ဖောင်း များတွင် ကွမ်းတံတွေးများကင်းစင်ရန်နှင့် လေဆိပ်ဝန်းကျင် သန့်ရှင်းသာယာလှပရန် ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်ကြပါစို့ဟု ရေးသားလိုက်ရပါသည်။ ။

 

သစ္စာ၊ ဓာတ်ပုံ - အောင်သန်းဦး