လေကြောင်းလိုင်းက ခွင့်မပြုတဲ့ ကြောင်ကို သယ်ယူပြီး ဖေ့စ်ဘွတ်ခ်မှာ ဓါတ်ပုံတင်တဲ့အတွက် လေကြောင်းလိုင်းရဲ့ ခံစားခွင့် ဆုံးရှုံး

၁၃ နိုဝင်ဘာ

 

ရုရှားခရီးသည် တစ်ဦးဟာ နိုင်ငံပိုင် အဲရိုဖလော့ လေကြောင်းလိုင်းက သယ်ယူခွင့်မပေးတဲ့ ကြောင် တစ်ကောင်ကို သယ်ယူခဲ့တဲ့အတွက် အဲဒီခရီးသည်ရဲ့ ခံစားခွင့်တွေကို မနေ့က ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။

 

ခရီးသည် မစ်ခ်ဟေး ဂါလင်က ပြီးခဲ့တဲ့ သီတင်းပတ်က မော်စကိုကနေ သူ့အိမ်ရှိရာ လက်ဗီရာ ကို လေကြောင်းလိုင်း အသုံးပြုပြီး ပြန်ခဲ့ပါတယ်။ ဂါလင်နဲ့အတူ သူ့ရဲ့ကြောင် ဗစ်တာတို့ အတူပြန်ရန် ကြိုးစားစဉ် ကြောင် ဗစ်တာဟာ လေကြောင်းလိုင်းက သတ်မှတ်ထားတဲ့ အလေးချိန်ထက် ဝနေတဲ့အတွက် ခရီးသည်တင် လေယာဉ်ကိုယ်ထည်ကနေ လိုက်ပါခွင့် မရဘဲ လေယာဉ်ဝမ်းထဲရှိ ကုန်တင်ခန်းကနေသာ လိုက်ပါခွင့် ရရှိခဲ့ပါတယ်။

 

အဲရိုဖလော့လေကြောင်းလိုင်းက ကြောင်တစ်ကောင်ကို ၈ ကီလိုဂရမ်အထိသာ သတ်မှတ်ထားရာ ကြောင်ဗစ်တာက ၁၀ ကီလိုဂရမ်အထိ ရှိတဲ့အတွက် လေကြောင်းလိုင်းမှာ check- in လုပ်ရန်အတွက် ကြောင်ပိန်တစ်ကောင်နဲ့ လဲပြီး check- in လုပ်ခဲ့ပါတယ်။ ပြီးမှ ကြောင်ဗစ်တာကို ခရီးသည်တင် လေယာဉ်ကိုယ်ထည်မှာ ဂါလင်နဲ့အတူ စီးခွင့် ရယူခဲ့တာ ဖြစ်ပါတယ်။

 

ခရီးသည်တင် လေယာဉ်ကိုယ်ထည်မှာ စီးခွင့် ရယူခဲ့တဲ့ ကြောင်ဗစ်တာနဲ့ ဂါလင်တို့ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ရာ ကြောင်ချစ်သူတွေက ဂါလင်ရဲ့ လုပ်ရပ်ကို ထောက်ခံကြပါတယ်။

 

အဲရိုဖလော့ လေကြောင်းလိုင်းက အဲဒီအကြောင်း စုံစမ်းစစ်ဆေးရာ ဂါလင်ဟာ လေကြောင်းလိုင်းက ချမှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် လေကြောင်းလိုင်းက ပေးအပ်ထားတဲ့ သူ့ခံစားခွင့်တွေကို ပယ်ဖျက်လိုက်ပါတယ်။

 

လေကြောင်းလိုင်းရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံသားတွေက ခန္ဓာကိုယ်ဝခြင်းကို အရှက်ခွဲတာသာ ဖြစ်တယ်လို့ စိတ်ဆိုးမာန်ဆိုးနဲ့ တုန့်ပြန်သလို ဂါလင်က အဲဒီလို ကြောင်လဲပြီး အလေးချိန် ချိန်တွယ်တာကို ဖော်ထုတ်လိုက်တဲ့အတွက် ကြောင်ပိုင်ရှင်တွေက နောင်မှာ အဲဒီလို လုပ်ပြီး ခရီးသွားခွင့် မရတော့မှာကို စိုးရိမ်နေကြပါတယ်။

 

MDN

ကိုးကား- AFP